အီရန်နဲ့ ဆွေးနွေးမှုတွေ ဒီသီတင်းပတ်ထဲ ပြန်စနိုင်တယ်လို့ အမေရိကန်က ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက မအောင်မြင်ဘဲပြီးဆုံးခဲ့တဲ့ အီရန်နဲ့စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုတွေ ဒီသီတင်းပတ်ထဲ ပြန်စတင်မယ့် သဘောမျိုး ပြောခဲ့ပါတယ်။ မစ္စတာထရမ့်က နယူးယော့ခ် ပို့စ် သတင်းစာကို ပါကစ္စတန်မှာ လာမယ့် ၂ ရက်အတွင်း ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်က လတ်တလောမှာ အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ဒါပေမဲ့ သမ္မတထရမ့်က ဖောက်စ် သတင်းဌာနနဲ့ တွေ့ဆုံရာမှာတော့ စစ်ပွဲက ပြီးလုနီးပြီလို့ ပြောပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်က ပိတ်ဆို့မှုတွေ လုပ်နေတာဟာ အပစ်ရပ်ရေးကို ချိုးဖောက်မှုတွေကို အစပျိုးနေတာ ဖြစ်တယ်လို့ပြောပါတယ်။ အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ရဲ့ အကြီးတန်း တပ်မှူး တယောက်ကလည်း အီရန်ရဲ့ တပ်ဖွဲ့တွေက ပါရှန်ပင်လယ်ကွေ့၊ အိုမန်ပင်လယ်နဲ့ ပင်လယ်နီထဲမှာ ဘယ်လို ကုန်တင် ကုန်ပို့ ရေယာဉ်မျိုးကိုမှ ဖြတ်သန်းခွင့် ပြုမှာ မဟုတ်ကြောင်း ပြောပါတယ်။ အမေရိကန် စစ်တပ်ကတော့ သူတို့ ပိတ်ဆို့ မှုတွေ စတင်တဲ့ ပထမ ၂၄ နာရီအတွင်း ဘာသင်္ဘောမှ ဖြတ်သန်းသွားလာတာမျိုး မရှိကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီပိတ်ဆို့မှုတွေ ဘယ်လောက် ထိရောက်မှု ရှိတယ်ဆိုတာကို ဆန်းစစ်နိုင်ဖို့ အခက်အခဲရှိပါတယ်။ ဘီဘီစီ သတင်းထောက် ဖရန့်ခ် ဂါနာရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။



