အီရန်စစ်ပွဲရဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်လာတဲ့သမ္မတဟောင်း

    • ရေးသားသူ, ဆာအိ ဂျဖာရီ
    • ရာထူးတာဝန်, နိုင်ငံရေးအကဲခတ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

"မုန်းတီးခံထားရတဲ့ ဒီအုပ်စိုးသူ အစုအဖွဲ့ (အစ္စရေး)ဟာ ပြိုလဲပျက်စီးရာလမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။ ပြိုကို ပြိုလဲမှာ။ ဘယ်သူမှ ကူကယ်နိုင်မှာ မဟုတ်ဘူး။ အခုဆို ဒီအုပ်စိုးသူအစုအဖွဲ့ဟာ လမ်းဆုံးကို ရောက်နေပါပြီ။ မကြာခင်မှာ မြေပုံပေါ်ကနေ ပျောက်သွားပါလိမ့်မယ်"

ဒီလိုအပြောအဆိုတွေကြောင့် အီရန်သမ္မတဟောင်း မာမု အမာဒီနီဂျက်ဟာ ကမ္ဘာမှာ အစ္စရေးဆန့်ကျင်ရေးပြောဆိုလို့ လူသိများသူတွေထဲက တစ်ဦးဖြစ်ပါတယ်။​

သူက ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူတွေအများဆုံးပါတဲ့လူပေါင်း ၆ သန်းကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဟော်လိုကော့စ် (the Holocaust) ဖြစ်ရပ်ဆိုးကို မေးခွန်းထုတ်လေ့ရှိပြီး အစ္စရေးကို ''လုပ်ကြံဖန်တီးထားတဲ့အစိုးရ'' လို့ ခေါ်ပါတယ်။ ပြီးတော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရပေမဲ့ အီရန်ရဲ့နျူကလီးယားစွမ်းရည် တိုးအောင်လုပ်တာကိုလည်း ကာကွယ်ပြောဆိုခဲ့သူပါ။

သူ့ရဲ့ဒီလိုရပ်တည်ချက်တွေကြောင့် အီရန်ဟာ အန္တရာယ်ရှိနိုင်တဲ့နိုင်ငံအဖြစ် အစ္စရေးအာဏာပိုင်တွေက ပြောဆိုကြတဲ့နေရာမှာ သူ့စကားလုံးတွေကို ကိုးကားပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့စစ်ပွဲအပြီးမှာ အမာဒီနီဂျက်ကို အီရန်မှာဖြစ်လာနိုင်ခြေရှိတဲ့အနာဂတ်ခေါင်းဆောင်တစ်ယောက်အဖြစ် လက်ခံမယ့် လမ်းကြောင်းကို စဥ်းစားခဲ့ကြတယ်လို့ New York Times သတင်းစာ သတင်းရေးလာပါတယ်။

ဒါပေမဲ့ စစ်ပွဲအစပိုင်းမှာ အမာဒီနီဂျက်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်အောင် ရည်ရွယ်ပြီးပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုမှာ အမာဒီနီဂျက် ဒဏ်ရာရခဲ့တာကြောင့် အဲဒီအစီအစဥ် မအောင်မြင်ခဲ့ဘူးလို့ Times သတင်းစာက ဆိုပါတယ်။

အခုသတင်းတွေနဲ့ပတ်သက်ပြီး အမာဒီနီဂျက်ရော၊ သူနဲ့နီးစပ်သူတွေရော အတည်မပြုသေးသလို လက်ရှိမှာ သူဘယ်ရောက်နေလဲဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ဒါပေမဲ့ အတိတ်မှာ အစ္စရေးဆန့်ကျင်ရေးကို တစ်ချိန်လုံးပြောနေခဲ့သူ အီရန်သမ္မတဟောင်းတစ်ယောက်ကို အမေရိကန်နဲ့ အစ္စရေးတို့ အတူလက်တွဲလုပ်မယ်ဆိုတဲ့သတင်းဟာ ဟုတ်ပါ့မလားဆိုတဲ့သံသယတွေလည်း အမေရိကန်၊ အစ္စရေးအကဲခတ်အများစုထံမှာ ရှိနေကြပါတယ်။​

ဒီလိုဆန့်ကျင်ဖီလာဖြစ်နေတဲ့အခြေအနေတွေကြောင့်ပဲ အချို့ကလည်း အမာဒီယာဂျက်ရဲ့ ပုံရိပ်ဟာ ထင်ထားတာထက် ရှုပ်ထွေးနေလားဆိုတဲ့အပိုင်းကို ပိုပြီး အတွေးပွားလာကြပါတယ်။​

အစ္စရေးအတွက် အသုံးတည့်တဲ့ရန်သူလား

အကဲဆတ်လွယ်တဲ့ဒီအရေးကို နားလည်ဖို့ဆိုရင် အီရန်နိုင်ငံရေးမှာ အာမဒီနီဂျက် အာဏာရလာချိန် နှစ်ကာလတွေကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ သူဟာ နိုင်ငံရေးလောကမှာ နာမည်ရတဲ့သူ မဟုတ်ပေမဲ့ ၂၀၀၃ ခုနှစ်မှာ တီဟီရန်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပါတယ်။​ ၂၀၀၅ ခုနှစ်အရောက်မှာတော့ နိုင်ငံ့ဦးသျှောင်ကြီး အလီ ခါမေနီရဲ့ ထောက်ခံ စောင်မမှုနဲ့ သမ္မတ ရာထူးရပါတယ်။​

ရွေးကောက်ပွဲကာလတွေမှာတော့ သူဟာ တရားမျှတမှု၊ ရိုးကုတ်တဲ့နိုင်ငံရေးသမားဖြစ်ကြောင်းပြသတာနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။​ နောက်ပိုင်း ပြည်တွင်းမှာ အသုံးပြုတဲ့မူဝါဒတွေအပြင် အစ္စရေး၊ အမေရိကန်နဲ့ ဟော်လိုကော့စ်ဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့မှတ်ချက်စကားတွေကြောင့် ကမ္ဘာမှာ လူသိများတဲ့သူဖြစ်လာပါတယ်။​

၂၀၀၅ ခုနှစ်၊ အောက်တိုဘာလတုန်းက တီဟီရန်မြို့က "World Without Zionism" ညီလာခံမှာ သူက "အမေရိကန်နဲ့ ဇိုင်ယနစ်ဝါဒ မရှိတဲ့ကမ္ဘာတစ်ခုကို ဖန်တီးနိုင်တယ်" လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်ခန့်အကြာမှာ ဟော်လိုကော့စ်ကို လက်မခံသူတွေ တက်ရောက်ခဲ့ကြတဲ့ ဟော်လိုကော့စ် ပြန်လည်သုံးသပ်ရေးအပြည်ပြည်ဆိုင်ရာညီလာခံကိုလည်း တီဟီရန်မှာ ကျင်းပခဲ့လို့ ကမ္ဘာတလွှား ဝေဖန်သံညံခဲ့ပါတယ်။

အဲဒီနောက်ပိုင်း နှစ်တွေမှာတော့ အစ္စရေး အရာရှိအချို့နဲ့ အကဲခတ်အချို့ကတော့ ထေ့လုံးငေါ့လုံး အပြောလေ့သူ၊ ဟော်လိုကော့စ်ကို မေးခွန်းထုတ်သူ မစ္စတာ အမာဒီနီဂျက်ဟာ အစ္စရေးအတွက် ''ဝါဒဖြန့်စရာဖြစ်လာ'' တယ်လို့ ဆိုကြပါတယ်။​

၂၀၀၈ ခုနှစ်မှာတော့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက် အကြီးအကဲဟောင်း အက်ဖရိုင်း ဟာလဗီက အမာဒီနီဂျက်ဟာ "အီရန်နိုင်ငံက အစ္စရေးကို ပေးခဲ့တဲ့ အကြီးမားဆုံးလက်ဆောင်" လို့ ရည်ညွှန်းသုံးနှုန်းခဲ့ပြီး သူ့ပြောဆိုချက်တွေကြောင့် ကမ္ဘာဟာ အီရန်ရဲ့ခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုတာကို ပိုပြီး လွယ်လွယ်ကူကူ လက်ခံဖို့ရာ ဖြစ်စေခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

အမာဒီနီဂျက်ကို ထောက်ခံသူတွေကတော့ အခုပြောဆိုချက်ကို ပယ်ချပြီး အမာဒီနီဂျက်ဟာ အစ္စရေးနဲ့ အနောက်နိုင်ငံတွေကို ထိပ်တိုက်တွေ့စေမယ့် သဘောတရားပြင်းထန်တဲ့မူဝါဒ လမ်းနောက်လိုက်ခဲ့ရုံ သက်သက်လို့သာ ပြောဆိုပါတယ်။​

အာဏာရပြီးတဲ့နောက် ပုံရိပ်ပြောင်းလဲ

၂၀၁၃ ခုနှစ်မှာ သမ္မတရာထူး ပြီးဆုံးတဲ့အခါမှာ အမာဒီနီဂျက်ဟာ အမြင်သဘောထား မတူညီကြတဲ့အပိုင်းမှာ အီရန့်နိုင်ငံ့ဦးသျှောင် အလီ ခါမေနီ၊ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) အပါအဝင် အီရန်လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီရန်မှာ သမ္မတကို ရွေးချယ်တဲ့ Guardian Council အဖွဲ့က သူ့ကို သမ္မတရွေးကောက်ပွဲတွေမှာ ဝင်ရောက်ပြိုင်ခွင့် အကြိမ်ကြိမ် တားမြစ်ခဲ့ပါတယ်။​

အစ္စရေး အမျိုးသားလုံခြုံရေး အင်စတီကျူက အီရန်လေ့လာရေးအစီအစဥ် ခေါင်းဆောင် ရာ့ဇ် ဇင်မစ်က New York Times ရဲ့သတင်းကို လူမှုကွန်ရက် X ပေါ်မှာ ပြန်လည်တုံ့ပြန်ရေးသားရာမှာတော့ အမာဒီနီဂျက်ဟာ သူ့ရပ်တည်ချက်နဲ့ဖီလာဆန့်ကျင်မှုကို ပြသခဲ့တာလို့ ဆိုပါတယ်။

''အမာဒီနီဂျက်ဟာ သမ္မတ သက်တမ်းတစ်လျှောက်လုံးမှာ လူကြိုက်များဝါဒနဲ့ အခွင့်အလမ်းလိုက်တဲ့လူ'' လို့ ဆိုပါတယ်။​

ပြီးခဲ့တဲ့နှစ်တွေအတွင်း လူမှုကွန်ရက်ပေါ်မှာ အမာဒီနီဂျက်ဟာ နိုင်ငံတကာမှာ သူ့ရဲ့ပုံရိပ်ကို ပြန်ပြီးပုံဖော်ပါတယ်။ ​အင်္ဂလိပ်လို ပို့စ်တင်ပြီး မီဂျီဂန်တက္ကသိုလ်ဘောလုံးအသင်းကို ဂုဏ်ပြုစကား ပြောပါတယ်။ ပြီးတော့ အမေရိကန် ရပ်အကျော်အမော် Tupac Shakur စကားကိုလည်း ကိုးကား သုံးနှုန်းပါတယ်။ ပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ''အမေရိကန်က နိုင်ငံရေးအဂတိမှုကို တိုက်ဖျက်နေသူ'' လို့တောင် ချီးကျူးစကားပြောပါတယ်။

ဒါပေမဲ့ ဇင်မစ်ကတော့ ဒါဟာ အမာဒီနီဂျက်အနေနဲ့ အစွန်းမရောက်တဲ့ သူ့ပုံရိပ်ကို အီရန်နိုင်ငံထဲနဲ့ အနောက်ကမ္ဘာက ပရိသတ်ကို ဖန်တီးပြတာလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ အမာဒီနီဂျက်ဟာ လူ သန်း ၉၀ ရှိတဲ့အီရန်မှာ သူ့ကို အာဏာဆက်ယူခွင့် ကြည်ကြည်ဖြူဖြူခွင့်ပြုပေးတယ်လို့ဆိုတဲ့ လူထု ထောက်ခံမှု အတိုင်းအတာတစ်ခုအထိ ဘယ်တုန်းကမှ မရခဲ့ဘူးလို့ ပြောပါတယ်။​

အမေရိကန်အကဲခတ်တွေကတော့ သတိကြီးကြီးထား

ဘီဘီစီပါရှားဘာသာစကားဌာနက စကားပြောခဲ့တဲ့ အမေရိကန် အကဲခတ် ၃ ဦးကတော့ အမာဒီနီဂျက်လက်ထဲ အာဏာပြန်ထည့်မယ့်အစီအစဥ်အကြောင်း သတင်းကို သံသယနဲ့ ချဥ်းကပ်ပါတယ်။​

နော့အိစတန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခလည်းဖြစ်၊ အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာသုတေသီလည်းဖြစ်တဲ့ မက်စ် အေဘရာဟင်က အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး သတင်းတု သတင်းမှား ရေချိန်မြင့်တက်နေချိန်မှာ အခုသတင်းကို သတိကြီးကြီးထား ချဥ်းကပ်သင့်ကြောင်း ပြောပါတယ်။

တစ်ချိန်တုန်းက ဟော်လိုကော့စ်ကို ငြင်းခဲ့သူဖြစ်သလို အီရန် နျူကလီးယားအစီအစဥ် ရှေ့ရောက်အောင်လုပ်ခဲ့တဲ့ အမာဒီနီဂျက်ကို ပြန်လာမှာကို အစ္စရေးဘက်က မကြိုဆိုလောက်ဘူးလို့ သူက ပြောသလို ထရမ့်ဘက်ကို ကြည့်ပြန်ရင်လည်း အမာဒီနီဂျက်ဟာ သူပြောထားတဲ့ အီရန်မှာ အုပ်စိုးသူ အပြောင်းအလဲဖြစ်အောင် အောင်အောင်မြင်မြင်နဲ့လုပ်နိုင်ဖို့ဆိုတဲ့လမ်းကြောင်းနဲ့ မကိုက်ပြန်ဘူးလို့ သူက ထောက်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးမူဝါဒကောင်စီက အီလန် ဘာမန်ကတော့ အမေရိကန်- အစ္စရေးရဲ့အစီအစဥ်ဟာ ယုံကြည်လက်ခံဖို့ ခက်တယ်လို့ ပြောပါတယ်။ အီရန်မှာ ခေါင်းဆောင်အပြောင်းအလဲဆိုတဲ့အောက်ကနေ အမာဒီနီဂျက်နာမည် ပါလာနိုင်တာမျိုးဖြစ်ပေမဲ့ ပြီးပြည့်စုံတဲ့ရွေးချယ်စရာလူတစ်ယောက်တော့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။​

အမေရိကန် အင်တာပရိုက်စ်အင်စတီကျူက မိုက်ကယ် ဘူဘင်ကတော့ အီရန်နိုင်ငံရေးအပြောင်းအလဲမှာ အမာဒီနီဂျက်ကို ခေါင်းဆောင်ခိုင်းဖို့ ကြိုးပမ်းတယ်ဆိုတဲ့အခြေအနေဟာ စိတ်ကူးယဥ် ဆန်လွန်းတယ်လို့ ထောက်ပြပါတယ်။ နယူးယောက် တိုင်းစ်မ်ဟာ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကို သုံးထားတဲ့အချက်ကိုလည်း သူက ပြောပါတယ်။​ ဒါပေမဲ့ အနောက်နိုင်ငံက လူတွေဟာ အီရန်လူမှုအသိုက်အဝန်းထဲ အမာဒီနီဂျက် ပြောဆိုထားတာတွေအပေါ် နားလည်မှု လွဲနေတုန်းပဲလို့ သူက ပြောပါတယ်။​

ဒီအတောအတွင်းမှာပဲ နယူးယောက်တိုင်းစ်မ် သတင်းဌာနကတော့ သူတို့သတင်းနဲ့ပတ်သက်ပြီး ''ယုံကြည်မှုအပြည့်'' ရှိကြောင်း X မှာ ရေးတင်သလို ဆွေးနွေးခဲ့ကြတဲ့ အမေရိကန်၊ အီရန်၊ အစ္စရေးအရာရှိတွေအပါအဝင် ဒီအကြောင်းသိတဲ့တခြား သတင်းရင်းမြစ်တွေကို မေးမြန်းပြီး သတင်းကို တည်ဆောက်ထားတာလို့ပြောပါတယ်။

အစ္စရေးဘက်က တုံ့ပြန်ပုံ

အစ္စရေးပညာရှင်အချို့ကတော့ အခုလိုအခြေအနေမျိုးမှာ အီရန်အပေါ် အစ္စရေးရဲ့နားလည် သဘောပေါက်မှုအပိုင်းကို ပိုပြီး ဇောင်းပေးပါတယ်။​

Institute for National Security Studies က ဒန်နီ ဆစ်ထရီနိုဝစ်ဇ်က အမာဒီနီဂျက်ကို ပြန်အုပ်ချုပ်ခိုင်းဖို့ ကြိုးပမ်းတာဟာ အီရန်နိုင်ငံရေးစနစ်ကို ကြေကြေညက်ညက် နားမလည်မှုကို ပြသတယ်လို့ လူမှုကွန်ရက် X မှာရေးတင်ပါတယ်။

သူက အမာဒီနီဂျက်ဟာ ပြည်တွင်းမှာ အာဏာအခြေပြုမှု ခိုင်ခိုင်မာမာ မရှိသလို အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ထောက်ခံမှုကိုလည်း ရရှိမှာ မဟုတ်လို့ အီရန့်နိုင်ငံရေးအင်အားကြီးတစ်ခုလုံး ပြိုကျမှာသာ အမာဒီနီဂျက် အာဏာထိန်းနိုင်လိမ့်မယ်လို့ ထောက်ပြပါတယ်။​

အစ္စရေးလုံခြုံရေးအကဲခတ် ယိုစီ မယ်လ်မန်ကတော့ ''အခုသတင်းဟာ ယုံရခက်ခက်'' လို့ဆိုပြီး လူမှုကွန်ရက် X မှာ ရေးတင်ပါတယ်။ ဆူပူအုံကြွမှု အနည်းငယ်၊ လေကြောင်းတိုက်ခိုက်မှုတွေကနေတဆင့် အီရန်မှာ အုပ်စိုးသူအစုအဖွဲ့ အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့ ထင်မြင်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ စီစဥ်နေကြတာဆိုရင်တော့ ဒါဟာ ''အိပ်မက် မက်နေတာပဲဖြစ်တယ်'' လို့ သူက ပြောပါတယ်။​

ဒါဆို အမာဒီနီဂျက်ရဲ့နာမည် ဘာကြောင့်ထွက်လာ

ဒီလိုသံသယတွေရှိနေပေမဲ့ မေးခွန်းတစ်ခုက ကျန်နေဆဲပါ။ အဲဒါကတော့ ဘာကြောင့် အမာဒီနီဂျက် နာမည် ထွက်လာတာလဲဆိုတဲ့မေးခွန်းပါ။

အဲဒီအတွက်အဖြေကတော့ အခြေအနေ ၃ ရပ်မှာ မူတည်တယ်လို့ဆိုနိုင်ပါတယ်။ သူ့ရဲ့ နာမည်ကျော်ကြားမှု၊ အတွင်းလူဖြစ်နေတဲ့အတွေ့အကြုံနဲ့ အီရန်နိုင်ငံ့ဦးသျှောင်နဲ့ခပ်ကင်းကင်းအခြေ အနေတို့ကြောင့်ပါ။ အမာဒီနီဂျက်ဟာ အီရန်နိုင်ငံထဲမှာ လူသိများပါတယ်။​ အစိုးရတစ်ရပ်ကို စီမံဖူးသူဖြစ်တာကြောင့် အီရန်နိုင်ငံထဲက အခြေခံလူထုအကြောင်း ကောင်းကောင်းသိသူဖြစ်သလို အစ္စလာမ္မစ်သမ္မတနိုင်ငံမှာ အာဏာစက်ကိုလည်း ရင်းနှီးသူဖြစ်ပါတယ်။ ခါမေနီနဲ့လည်း သဘောထားကွဲလွဲသူဖြစ်တာကြောင့် သူ့ကို အီရန်အုပ်စိုးသူတွေရဲ့အတွင်းလူလို့ မမြင်ကြတော့ပါဘူး။

နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူအချို့ရဲ့အမြင်အရတော့ ဒီအကြောင်းအရာတွေဟာ အမာဒီနီဂျက်ကို နိုင်ငံထဲ ကသောင်းကနင်းဖြစ်နေတဲ့ကာလမှာ ဆွဲတင်လောက်စရာ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် မြင်တာ ဖြစ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။ မဟာမိတ်စစ်စစ်လို မဟုတ်ဘဲ အာဏာဖွဲ့စည်းပုံမှာ အက်ကြောင်း ပေါ်လာစေဖို့ ယာယီခေါင်းဆောင်တစ်ဦးအဖြစ် ဖန်တီးလိုက်တဲ့နည်းလမ်းနဲ့ ပိုနီးစပ်တယ်လို့လည်းဆိုကြပါတယ်။​

ဆိုတော့ အမာဒီနီဂျက်က ဘယ်လို လူမျိုးလဲ

အီရန်အကဲခတ်တွေကတော့ အမာဒီနီဂျက်တစ်ယောက် သမ္မတ သက်တမ်းကာလကစလို့ အငြင်းပွားစရာနိုင်ငံခြားခရီးတွေအလယ် မကြာသေးခင်က အီရန်စစ်ပွဲကို ခပ်မဆိတ်နေတာအဆုံး သူ့ အမူအကျင့်ပိုင်းကို ယိမ်းပြီး ဆွေးနွေးကြပါတယ်။​ ဒါတွေကို အခြေခံပြီး သူ့ နိုင်ငံရေးရပ်တည်ချက်က ဘယ်လိုဆိုတာ သုံးသပ်ကြတာပါ။

အကဲခတ်တွေကတော့ သူ့ မူဝါဒတွေဟာ အီရန်ကို နိုင်ငံခြားနဲ့ ခွာစေခဲ့ပြီး နျူကလီးယားအကျပ်တည်းကို ပိုဖြစ်စေခဲ့တယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေဟာ အစ္စရေးအတွက် တီဟီရန်ကို ဆန့်ကျင်ရေး နိုင်ငံရေးသတင်းစကားကို ထိထိရောက်ရောက်ပါးဖို့ အခွင့်သာစေခဲ့တယ်လို့ ပြောကြပါတယ်။​

ဒါပေမဲ့ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

သူ့ သမ္မတ သက်တမ်းမှာ သူဟာ ထင်ရှားတဲ့ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အကြီးတန်းအရာရှိဟောင်းတွေကို နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်မှုနဲ့စွပ်စွဲပြီး သူ့ အာဏာစက်ကို တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၉ ရွေးကောက်ပွဲ အငြင်းပွားမှုဖြစ်အပြီး ထွက်ပေါ်လာတဲ့ ပြည်တွင်းက အကြီးအကျယ်ဆန္ဒပြမှုတွေနဲ့ဆက်စပ်ပြီး ဒီလူတွေကို သူ စွပ်စွဲခဲ့တာပါ။

ဒါပေမဲ့ သမ္မတ တာဝန်ပြီးသွားချိန်မှာတော့ သူဟာ သူစွပ်စွဲခဲ့သူတွေထဲက အချို့နဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ပြီး ရင်ကြားစေ့ဖို့ကြိုးပမ်းတယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာတွေက သတင်းဖော်ပြပါတယ်။​ အဲဒီထဲမှာ သူ့ရှေ့က သမ္မတတာဝန်ယူခဲ့သူတွေထဲက တစ်ဦးနဲ့ ဆွေးနွေးဖို့အထိ ကြိုးပမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။​

ဒီလို ရပ်တည်ချက်အပြောင်းအလဲ လုပ်လို ပုံပြတာ၊ နိုင်ငံရေးရပ်တည်ချက် ခိုင်မာမြဲမြဲမှု မရှိတာ၊ နိုင်ငံရေးမဟာမိတ်အပြောင်းအလဲလုပ်လိုတာတွေကိုကြည့်ရင် အမာဒီနီဂျက်ဟာ ပြည်ပအင်အားကြီးနိုင်ငံတွေနဲ့ တိတ်တဆိတ် အဆက်အဆံရှိတယ်ဆိုတာထက် ပြည်တွင်း နိုင်ငံရေးလှိုင်းအဆန်မှာ ဟန်မပျက်အောင် ထိန်းလိုတာလို့ ပြသပါတယ်။

တကယ်တမ်းမှာလည်း အမာဒီနီဂျက်ဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ အချိတ်အဆက်ရှိတယ်လို့ဆိုတဲ့သက်သေခိုင်ခိုင်လုံလုံ မရှိထားပါဘူး။

ဒါပေမဲ့ အတိတ်တုန်းကနဲ့ ဆန့်ကျင်ကွဲလွဲတဲ့သူ့ပုံရိပ် ပုံဖော်မှုကတော့ ထွက်ပေါ်နေပါတယ်။​ သတင်းအချို့မှာ ဖော်ပြသလို တစ်ချိန်တုန်းက အစ္စရေးဆန့်ကျင်ရေး လေလုံးထွားခဲ့သူဟာ အခုတော့ အီရန်အနာဂတ်အတွက် စဥ်းစားစရာလူတစ်ယောက်အဖြစ် ပုံဖော်ခံနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံရေးမှာ အမာဒီမီဂျက်ကို ဘယ်လိုနားလည်ကြမှာလဲဆိုတဲ့မေးခွန်းတစ်ခုကတော့ ဆက်ပြီး ထင်ကျန်နေဦးမှာဖြစ်ပါတယ်။​