ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြင်းခြံခရိုင်ထဲက စစ်ရေး မကွေး၊ စစ်ကိုင်းအထိ ဦးတည်လား
အာဏာဗဟိုချက် နေပြည်တော် နောက်ကျောလုံဖို့ မိတ္ထီလာလွင်ပြင်မှာ ကြည်းနဲ့ လေ အင်အား အခိုင်အမာ တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်ဟာ ဒီလွင်ပြင်နဲ့ကပ်လျက်က မြင်းခြံခရိုင်ထဲကို စစ်ကြောင်းတွေ ဖြန့်နေပါတယ်။
တော်လှန်ရေးအဖွဲ့တွေဟာ မြင်းခြံခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းပြုလုပ်ခဲ့တဲ့ ခရိုင်အထူးစစ်ဆင်ရေးကြောင့် နယ်မြေထိန်းချုပ်မှု ဖြန့်ကြက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော် အာဏာဗဟိုချက်မှာ စစ်ဘက်အရပ်ဘက် အာဏာအလွှဲအပြောင်းနဲ့အတူ မြို့တွေ၊ ရွာတွေ ပြန်သိမ်းနေတဲ့စစ်တပ်ဟာ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို စစ်ကြောင်းဖြန့်နေပါတယ်။
မြင်းခြံမြို့နယ်ထဲမှာတင် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ရေးဖိအားကို အရှိန်မြှင့်လာနေတယ်လို့ အဲဒီက တော်လှန်ရေးအင်အားစုတွေက ဘီဘီစီကို ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် ကျေးရွာတွေကို ထိုးစစ်ဆင်တာဟာ မြင်းခြံနဲ့ဆက်စပ်နေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေထဲက တော်လှန်ရေးတပ်တွေရဲ့စစ်ရေးအချိတ်အဆက်ကို ဖြတ်တောက်ဖို့ ရည်ရွယ်နေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
မြင်းခြံခရိုင်ထဲက စစ်ရေးအခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။
မြင်းခြံမြို့နယ်ထဲက စစ်ရေးဖိအား
မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးစတဲ့မြို့နယ်တွေမှာ စစ်တပ်ရဲ့ စစ်ရေးဖိအားတွေဟာ ၂၀၂၅ ခုနှစ် ဩဂုတ်ကစလို့ ပိုပြီးပြင်းထန်လာတာ တွေ့ရပါတယ်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်ကစပြီး တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို ထိုးလာခဲ့တဲ့ စစ်ကြောင်းဟာ အခုနှစ် ဖေဖော်ဝါရီလ လောက်ကစပြီး မြင်းခြံမြို့နယ်ထဲက မြင်းခြံ-တောင်သာလမ်းဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာပါ။
လက်ရှိမှာ စစ်တပ်ဟာ မြင်းခြံမြို့နယ်မှာဆိုရင် မိုင် ၂၀ ကျော်သာ ဝေးတဲ့ မြင်းခြံ - ဆီမီးခုံလမ်းတလျှောက်က ကျေးရွာတွေကို အင်အားရာချီနဲ့ စစ်ကြောင်း ၂ ကြောင်း ဖြန့်ပါတယ်။
စစ်တပ်ဟာ ဒီလမ်းတလျှောက် ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကြောင်း ၁ ကြောင်း၊ လမ်းရဲ့တခြားဘက်အတွင်းပိုင်းက ရွာတွေကို စစ်ကြောင်း ၁ ကြောင်းနဲ့ ဖြန့်နေတယ်လို့ မြင်းခြံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
မြင်းခြံ- ဆီမီးခုံလမ်းအတွင်းပိုင်းက ညောင်ဝန်း(ကံလှရွာ)၊ နဘူးအိုင်၊ တောင်ရှေ့၊ သပြေသာ၊ ပြည်တော်သာတို့အပါအဝင် ကျေးရွာ ၂၀ ရွာထက်မနည်း မီးရှို့ခံခဲ့ရတာကြောင့် အိမ်ခြေ ထောင်နဲ့ချီ ဆုံးရှုံးတယ်လို့ မြင်းခြံမြို့နယ်က စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဒီစစ်ကြောင်း ၂ ကြောင်းဟာ မိတ္ထီလာဘက်က တပ်တွေနဲ့ တခြားမြို့နယ်တွေက စစ်တပ်အင်အားတွေ၊ ဒေသအခေါ် ပျူစောထီး(ပြည်သူ့စစ်) အင်အားတွေနဲ့ ဖြည့်တင်းထားတာဖြစ်ပြီး နှစ်ခုပေါင်း အင်အား ၅၀၀ ဝန်းကျင်ရှိတယ်လို့ မြင်းခြံမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာ ရွာစဉ်လှည့်ဝင်နေတဲ့ စစ်ကြောင်းက မေလ ၁ ရက်မှာ မင်္ဂလာပွဲကျင်းပနေတဲ့ ဆင်ချောင်းရွာထဲကို ရုတ်တရက် ဝင်လာလို့ မင်္ဂလာပွဲ ပျက်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
"သူတို့က အရင်ကလို စစ်ကြောင်း ဆက်တိုက်ထိုးပြီး ထွက်သွားတာ မဟုတ်ဘူး။ တစ်ရွာထိုးလိုက် စစ်အင်အားချန်ပြီးမှ ဆက်ထိုးလိုက်၊ စစ်ကြောင်းခွဲပြီး ထိုးလိုက်၊ အဲဒီလို ပုံစံသွားနေတာ" လို့ မြင်းခြံပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့ကြောင့် စစ်ကြောင်းထိုးခံလိုက်ရတဲ့ ရွာတွေရဲ့အခြေအနေကို အချက်အလက်ယူဖို့လည်း အခက်အခဲ ဖြစ်နေကြတယ်လို့ သူက ဆိုပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးက ဆင်ချောင်းရွာမှာ တပ်စွဲထားတဲ့ အင်အား ၂၅၀ ခန့် စစ်ကြောင်းဟာ ညောင်တို၊ ရန္တပို၊ ကိုင်း၊ ဂင်ဂဲရွာအထိ ရောက်ရှိနေပါတယ်။
အဲဒီစစ်ကြောင်းဟာ စားကြူး၊ အလယ်ရွာတို့ကို ဖြတ်ပြီးရင် စစ်တပ် တပ်စွဲထားတဲ့ဆီမီးခုံရွာကို ဖြန့်မယ်လို့ နားလည်ရပါတယ်။
တောပုရွာ ကနေ တပ်စွဲပြီး ထွက်လာတဲ့ စစ်ကြောင်းကတော့ မေ ၃ ရက်မှာ ဆင်းဂွတ်၊ ကျားတိုက်၊ မရိုးကုန်းရွာအထိ ရောက်ရှိနေပြီလို့သိရပါတယ်။ ဆီမီးခုံကို ရောက်ဖို့တော့ ရွာရှည်၊ ကတော နှစ်ရွာပဲ ကျန်ပါတော့တယ်။
ဒီစစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေဟာ စစ်ကြောင်း လွတ်ရာကို သွားကြရသလို ဧရာဝတီဖြစ်ကို ကူးပြီး စစ်ကိုင်းတိုင်းထဲပါဝင်တဲ့ မြောင်မြို့နယ်ဘက်ကို တိမ်းရှောင်နေကြတာလည်း ရှိပါတယ်။
စစ်တပ်ရဲ့ အခုစစ်ကြောင်း ၂ ကြောင်းဆုံမယ့် ဆီမီးခုံ ကျော်ရင်တော့ မန္တလေးတိုင်းထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နောက်ဆုံးမြို့နယ်လို့ဆိုတဲ့ ငါန်းဇွန် ရှိနေပါတယ်။
ဒါပေမဲ့ မြင်းခြံက စစ်ရေးဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းအထိ ရည်ရွယ်တယ်လို့ အကဲခတ်တွေ က မြင်ပါတယ်။
"မြင်းခြံကို အခြေပြုပြီး မြစ်တစ်ဖက်ကမ်းက စစ်ကိုင်းနဲ့ မကွေးကို တော်လှန်ရေး အချိတ် အဆက်ဖြတ်ဖို့ စစ်ရေး ရည်ရွယ်ထားတာကို တွေ့ရတယ်" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) က စစ်ဘက်သုတေသန တာဝန်ခံ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
မြောင်မြို့နယ်မှာတော့ စစ်တပ်ရဲ့စစ်ရေး ထူးခြားတာမရှိသေးပေမဲ့ အခြေအနေစောင့်ကြည့်နေသလို ပြင်ဆင်စုဖွဲ့နေကြတယ်လို့လည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့တာဝန်ရှိသူ ကိုနွေဦး-မြောင်က ပြောပါတယ်။
မြင်းခြံမြို့နယ်ရဲ့အရှေ့ဘက် တောင်သာမြို့နယ်ဘက်မှာလည်း စစ်တပ်က ဧပြီလ နောက်ဆုံးပတ်ကစပြီး အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးလာတယ်လို့ တောင်သာမြို့နယ်ဘက်က တပ်ရင်းတာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
တောင်သာမှာ LPDF ၁၁ ဦး အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခံရပြီးသေဆုံး
မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့တွေမှာ စစ်တပ်က မြို့ပေါ်ပိုင်းတွေမှာသာ ထိန်းချုပ်မှုရှိပြီး ကျေးရွာတွေဘက်မှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ဖြန့်ကြက်မှု အားကောင်းပါတယ်။
ဒါပေမဲ့ နေပြည်တော်က စစ်ရေး၊ နိုင်ငံရေးအရွေ့နဲ့အတူ ဒီနယ်တွေမှာလည်း စစ်အင်အား ဖြန့်ကြက်လာလို့ တော်လှန်ရေးအင်အားစုရဲ့ ဖြန့်ကြက်ထိန်းချုပ်မှုလည်း တဖြည်းဖြည်းကျဉ်းလာနေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ဝန်ခံပါတယ်။
ဒီအတောအတွင်းမှာပဲ တောင်သာမြို့နယ်ထဲမှာ စစ်တပ်နဲ့ ပျူစောထီးတွေက ခြုံခိုတိုက်ခိုက်လို့ ဒေသကာကွယ်ရေး စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ဒီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။
တပ်ရင်းကနေ ခွဲထွက်ပြီး မင်းသားကြီးဆိုတဲ့နာမည်နဲ့ စစ်ကြောင်းအဖြစ်ရပ်တည်နေတာ ရက်ပိုင်းပဲ ရှိနေသေးချိန် အခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
"ကျွန်တော့် တပ်ဖွဲ့ဝင်တွေ ဆုံးတာက ၁၀ ယောက်၊ ၁ ယောက်ကို ကျွန်တော် အမိအရ ကယ်လိုက်ပေမဲ့ အသက်မမီလိုက်ဘူး။ သူတို့ ထုတ်ထားတဲ့ဓာတ်ပုံထဲက ပွိုင့်ဖိနပ် စီးထားတာက စစ်တပ်ဘက်ကပါ။ ကျွန်တော်တို့ကားလည်း မီးရှို့ခံလိုက်ရတယ်၊ လက်နက်တွေလည်း ပါသွားတယ်" လို့ အဲဒီစစ်ကြောင်း ခေါင်းဆောင်က တိုက်ခိုက်ခံရမှု အခြေအနေကို ပြောပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၃ ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၄ ရက်တုန်းက ဒေသအခေါ် ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားဟောင်း ပြည်သူ့စစ် ဒုခေါင်းဆောင်လို့ဆိုသူ ဦးစိန်လွင်ကို ဖမ်းဆီးခဲ့တဲ့တပ်ရင်းဖြစ်ပါတယ်။
တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး ခြုံခိုတိုက်ခိုက်ခံရပြီး အစုလိုက် အပြုံလိုက် သေဆုံးတဲ့ဖြစ်ရပ်ဟာ တောင်သာမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြားက စစ်ရေးရေချိန်ကို ပြသနေပါတယ်။
စစ်ရေးဖိအားအောက်က တော်လှန်ရေးအဖွဲ့တွေရဲ့အခြေအနေ
၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းတဲ့ မြင်းခြံခရိုင်ထဲမှာ ဒီအခြေအနေကို တန်ပြန်ဖို့ မြန်မာစစ်တပ်ဟာ မြင်းခြံမှာ အရပ်အခေါ် ပျူစောထီးလို့ ခေါ်တဲ့ ပြည်သူ့စစ်အင်အားကို ယူခဲ့ရပါတယ်။
အခုတော့ စစ်တပ်ဟာ မြင်းခြံမှာ အင်အားရာချီနဲ့ ရှေ့တိုးလာနေပြီး စစ်အင်အား သာလွန်မှု၊ လက်နက်အင်အားနဲ့ နည်းပညာအားသာချက်တွေကလည်း ဒီလို ရှေ့တိုးလာနိုင်ရတဲ့အကြောင်းရင်းခံတွေဖြစ်နေတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရော၊ စစ်ရေးလေ့လာသူတွေကပါ မှတ်ချက်ပေးပါတယ်။
မြင်းခြံခရိုင်အပါအဝင် မန္တလေးတိုင်းထဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေထဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းတပ်ရင်းတွေနဲ့ ရဲတပ်ရင်း အင်အားတွေကို သုံးထားတာကို တွေ့ရတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီကို ပြောပါတယ်။
ဒါအပြင် စစ်ကြောင်းထိုးတဲ့အခါမှာလည်း အရင်ကလည်း အင်အား ၁၀၀ ဝန်းကျင်လောက်မဟုတ်ဘဲ အင်အား ၂၀၀ ကနေ ၃၀၀ အထိ သုံးလာတာ တွေ့ရတယ်လို့လည်း MDSI က စစ်ဘက်သုတေသန တာဝန်ခံ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
မြင်းခြံနဲ့ တောင်သာဘက်က စစ်ကြောင်းထိုးတာတွေမှာလည်း ဒရုန်းအသုံးပြုတာတွေကိုလည်း စစ်တပ်က တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကြောင်း မဝင်ခင်မှာ ဒရုန်းတွေကို ကင်းထောက်ဖို့ အသုံးပြုသလို ဗုံးကြဲဖို့လည်း သုံးလာတယ်လို့ ဆိုပါတယ်။
ဒီအချိန်မှာ လေကြောင်းကနေလည်း ပစ်ကူပေးတာတွေအတွက်လည်း ပြန်ခုခံဖို့ တော်လှန်ရေးတပ်တွေဘက်မှာ အင်အားမရှိဘူးလို့ စစ်ရေးအရင်းအမြစ်တွေက ရှင်းပြပါတယ်။
"ကျွန်တော်တို့ လက်နက်အင်အား မမျှဘူး။ စစ်တပ်က ကျွန်တော်တို့ဘက်က ကျည်ကို အမှည့်ခြွေတဲ့ ပုံစံမျိုးနဲ့ဆိုတော့ ရက်ကြာတာနဲ့အမျှ အင်အားနည်းလာတယ်။ ယှဉ်ပြီး မပစ်နိုင်ဘူး။ အခုက ကာစစ်အနေနဲ့ပဲ တိုက်နေရတယ်"လို့ တောင်သာမြို့နယ်က တပ်ရင်းတာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
စစ်ကြောင်းတလျှောက်မှာလည်း ကျေးရွာက နေအိမ်တွေ မီးရှို့ခံရတာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နောက်ဆုတ်ရတာတွေလည်းရှိတယ်လို့ ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးဘက်တွေမှာ အရင်က တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ခဲ့တဲ့ နေရာ ၃ ပုံ ၁ ပုံနီးပါး လက်လွှတ်လိုက်ရပြီလို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။