လူကြိုက်များနေတဲ့ ရေမြင်းပေါက်လေး

Moo Deng, the pygmy hippo, facing left and being picked up by a zoo keeper
ဓာတ်ပုံ ပုံစာ, ရေမြင်းလေး မိုဒင့်မွေးလာပြီးကတည်းက ခေါင်ခီယို တိရိစ္ဆာန်ဥယျာဉ်ကို လာလည်တဲ့သူ ၂ ဆ တက်သွား
    • ရေးသားသူ, နစ်ခ် မာ့ရှ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၃

ထိုင်းမှာ ရေမြင်းပေါက်လေး တကောင်ကို ကြည့်ချင်တဲ့ ပရိသတ်တွေ သည်းသည်းလှုပ်နေပါတယ်။

ခုန်ဆွ ခုန်ဆွ ဝက်လေးလို့ အဓိပ္ပါယ်ရတဲ့ မိုဒင့်ဆိုတဲ့ အမည်ရ ၂ လသား ရေမြင်း မလေးပုံက အွန်လိုင်းမှာ ဗိုင်ရဲယ် (viral) ဖြစ်ပြီး ပေါက်နေသလို ပတ္တယားမြို့နားက သူရှိတဲ့ တိရိစ္ဆာန်ရုံဝင်ဖို့ကိုလည်း လူတွေ တန်းစီနေတာ မနည်းပါဘူး။

အဲဒီ ခေါက်ခီယို တိရိစ္ဆာန်ရုံက အပြောအရ သူမွေးလာတဲ့ ဇူလိုင်လ နောက်ပိုင်း ဧည့်သည် အရေအတွက်က ၂ ဆ တက်သွားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မိုဒင့်ကို မတော်တရော် ပြုမူတဲ့ ဧည့်သည်တွေအကြောင်း မှတ်တမ်းတင် ထားတဲ့ ဗီဒီယိုတွေ ထွက်လာပြီးတဲ့နောက် လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ သူ့ကို ကောင်းကောင်း မွန်မွန် ပြုမူကြဖို့ တိရိစ္ဆာန်ရုံ ညွှန်ကြားရေးမှူးက တိုက်တွန်း လိုက်ပါတယ်။

Visitors crowd around Moo Deng, taking pictures of her in her enclosure.
ဓာတ်ပုံ ပုံစာ, မိုဒင့်ကို လာကြည့်တဲ့ ပရိသတ်တွေ သူ့ကို ကောင်းကောင်း မွန်မွန် ပြုမူကြဖို့ တိရိစ္ဆာန်ရုံ ညွှန်ကြားရေးမှူးက တိုက်တွန်း

"ဒီအပြုအမူတွေက ရက်စက်တာတင်မဟုတ်ဘူး အန္တရာယ်လည်းရှိတယ်" လို့ ညွှန်ကြားရေးမှူး နာရုန်ဝတ် ချော့ချိုင်းက အွန်လိုင်းမှာ ထုတ်ပြန်ကြေညာချက်ကို တင်ထားပါတယ်။

"တိရိစ္ဆာန်တွေရဲ့ လုံခြုံရေးနဲ့ သက်တောင့်သက်တာ နေထိုင်နိုင်ရေး မထိခိုက်အောင် ကျွန်တော်တို့က ကာကွယ်ပေးရမယ်။"

လာလည်တဲ့ ပရိသတ်တချို့က မိုဒင့် အိပ်လို့မရအောင် သူ့ကို ယောက်သွားခွံတွေနဲ့ ပေါက်တာ၊ ရေနဲ့ လှမ်းပက်တာမျိုးတွေကို လူမှုမီဒီယာမှာ ပြန့်လာတဲ့ ဗီဒီယိုတွေအထဲ တွေ့ရပါတယ်။

တိရိစ္ဆာန်ရုံအနေနဲ့ စီစီတီဗီကင်မရာတွေ တပ်ဆင်ထားပြီး ရေမြင်းပေါက်လေးအပေါ် မတော်တလျော်လုပ်တဲ့သူတွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း မစ္စတာ နာရုန်ဝတ်က ပြောပါတယ်။

မိုဒင့်ဆီကို လာလည်ကြဖို့ အကောင်းဆုံးအချိန်က ရေမြင်းလေး နိုးနေတဲ့အချိန် လို့လည်း သူက ဆိုပါတယ်။

ရေမြင်းပုမျိုးဖြစ်တဲ့ ဒီရေမြင်းပေါက်လေးရဲ့ ဇာတိဟာ အာဖရိက အနောက်ပိုင်းက ဖြစ်ပြီး ဒီရေမြင်းမျိုးဟာ မျိုးတုန်းပျောက်ကွယ်မယ့်အရေးနဲ့ ကြုံနေရတဲ့အကြောင်း သဘာဝထိန်းသိမ်းရေး နိုင်ငံတကာ သမဂ္ဂ (International Union for Conservation of Nature - IUCN) က သတ်မှတ်ထားပါတယ်။ သဘာဝတောထဲမှာ ဒီ ပစ်ဂမီ ရေမြင်းပုတွေ ၃,၀၀၀ တောင်မကျန်တော့ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Moo Deng, a two-month old female dwarf hippopotamus, looks into the camera at Khao Kheow Open Zoo.
ဓာတ်ပုံ ပုံစာ, သဘာဝတောထဲမှာ ဒီ ပစ်ဂမီ ရေမြင်းပုတွေ ၃,၀၀၀ တောင် မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေကဆို

ဒီရေမြင်းပုပေါက်စလေးရဲ့ ပုံက အွန်လိုင်းမှာ လူတွေ အကြည့်များ၊ အဖြန့်များ ပါတယ်။

အိတ်စ်သုံးသူတယောက်က "မိုဒင့်ကို တနေ့လုံး ကြည့်လို့ကို မဝဘူး၊ သူ့အကြောင်းပဲ တချိန်လုံး တွေးနေမိတယ်" လို့ ရေးတင်ထားပါတယ်။

နောက်တယောက်ကလည်း "မိုဒင့်ကလွဲလို့ တကမ္ဘာလုံးမှာ ဖြစ်နေ ပျက်နေသမျှတွေ ငါမသိတော့ဘူး" လို့ ရေးပါတယ်။

ခေါင်ခီယို တိရိစ္ဆာန်ရုံက ဘန်ကောက် အရှေ့တောင်ဘက် ၆၂မိုင်အကွာမှာ ရှိပြီး ဆယ်လီ ဖြစ်လာတဲ့ ဒီရေမြင်းပေါက်လေးကြောင့် တဟုန်တိုး နာမည်ကျော်သွား ပါတယ်။

သူမွေးလာပြီးနောက်ပိုင်း ဒီတိရိစ္ဆာန်ရုံရဲ့ လူမှုမီဒီယာ ပို့စ် ၁၅၀ မှာ မိုဒင့်နဲ့ ပတ်သက် တာက ၁၂၈ ခုပါ။

သူ့ပုံပါတဲ့ အင်္ကျီတွေ၊ ဘောင်းဘီတွေလည်း တိရိစ္ဆာန်ရုံထဲမှာ၊ အွန်လိုင်းမှာ ရောင်းကြ ပါတယ်။

ရေမြင်းပေါက်လေးလို ရှင်တို့ မျက်နှာလေး နီမြန်းသွားချင်ရင် ဒီမိတ်ကပ်ကို ဆိုးပါ ဆိုပြီး စီပိုးရာဆိုတဲ့ အလှပြင်ပစ္စည်းအရောင်းဆိုင်က စီးပွားရေးလုပ်ပါတယ်။ မိတ်ကပ်တဘူးကို ထိုင်းဘတ်ငွေ ၁,၅၉၀ (၄၇ ဒေါ်လာ ၇၀ ဆင့်) ပေးရမှာပါ။

Screenshot from an Instagram post showing two blush products, with a photo of Moo Deng beneath it.
ဓာတ်ပုံ ပုံစာ, မိုဒင့်ကို အတုယူပြီး စီပိုးရာ ကုမ္ပဏီက မိတ်ကပ်ထုတ်

ပုံမှန် မီဒီယာတွေမှာလည်း မိုဒင့်က လှိုင်းထနေစေပါတယ်။

ဂျပန် တီဗီလိုင်း All-Nippon News Network က တိရိစ္ဆာန်ရုံကို လာလည်ပြီး မိုဒင့် အကြောင်း ဇာတ်လမ်းရိုက်ပါတယ်။ နိုင်ငံတကာ မီဒီယာ တခုက သူ့အကြောင်းကို စပြီး တင်ပြလာတာပါ။

ထိုင်းသံရုံးတွေကလည်း သူတို့ရဲ့ လူမှုမီဒီယာတွေမှာ မိုဒင့်အကြောင်း တင်ထား လာပါပြီ။

ကြာသပတေးနေ့က သံရုံးတခု ကနေတင်တဲ့ အိတ်စ်မှာ "သူက သိပ်ကို အားအင် ပြည့်ပြီး သူ့ရဲ့ ချစ်စရာ အသွင်အပြင်က စိတ်အေးချမ်းစရာ" လို့ ဆိုထားပါတယ်။

တိရိစ္ဆာန်ရုံ ဒါရိုက်တာ နာရုန်ဝတ် ချော့ချိုင်းကလည်း ဂျပန် တီဗီနဲ့ အင်တာဗျူးတော့ ရေမြင်းပေါက်လေးပုံတွေ ပါတဲ့ အင်္ကျီနဲ့ပါ။

Zoo director Narongwit Chodchoi, wearing a hippo patterned shirt, being interviewed by a Japanese television crew.
ဓာတ်ပုံ ပုံစာ, မိုဒင့်ကို နိုင်ငံတကာ မီဒီယာတွေကတောင် စိတ်ဝင်စားနေ