အီရန် ဆိပ်ကမ်းတွေ ပိတ်ဆို့ထားချိန် ဒီအပတ်ထဲ ဆွေးနွေးပွဲ ပြန်စနိုင်တယ်လို့ ထရမ့် အရိပ်အမြွက်ပြော

    • ရေးသားသူ, ဘန်းဒ် ဒီဘုစ်မန်း
    • ရာထူးတာဝန်, အိမ်ဖြူတော်
  • ဖတ်ရန်အချိန်: မိနစ် ၄

အီရန်စစ်ပွဲရပ်တန့်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်ထဲ ပြန်စနိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ ထရမ့်က အရိပ်အမြွက်ပြောလိုက်ပါတယ်။ နောက်ဆုံးဆွေးနွေးပွဲတွေမှာ သဘောတူညီမှု မရခဲ့တဲ့နောက် အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့နေချိန် ထရမ့်က အခုလို ပြောတာပါ။

"ခင်ဗျား အဲဒီ (အစ္စလာမာဘတ်)မှာ ဆက်ရှိနေသင့်တယ်။ တကယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ်ရက်အတွင်း တစ်ခုခု ဖြစ်လာနိုင်ခြေရှိလို့ပါ။ ကျွန်တော်တို့လည်း အဲဒီကို သွားလိုတဲ့စိတ် ရှိပါတယ်" သမ္မတထရမ့်က နယူးယောက် ပို့စ်သတင်းဌာနနဲ့ အင်တာဗျူးမှာ သတင်းထောက်ကို အဲဒီလို ပြောလိုက်တာပါ။

အမေရိကန်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး ပထမ ၃၆ နာရီအတွင်း "အီရန်ကို ပင်လယ်အဝင်အထွက်လမ်းကြောင်းကနေ ကုန်သွယ်စီးပွား မလုပ်နိုင်အောင် လုံးဝ ရပ်တန့်ပစ်နိုင်ခဲ့ပြီ" လို့ အမေရိကန်စစ်တပ်က ပြောပြီးတဲ့နောက် သမ္မတ ထရမ့်က အခုလို ပြောလာတာပါ။

ဒီလို အီရန်အရေး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အခြေအနေက လာမယ့်အပတ်ထဲ သက်တမ်းကုန်တော့မယ့် နှစ်ပတ် အပစ်ရပ်သဘောတူညီမှု အလားအလာတွေအပေါ် သံသယတွေ တိုးစေပါတယ်။

ထရမ့်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အီရန်ဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ ဒီဆွေးနွေးပွဲတွေ ပြန်စဖို့ " ဖြစ်နိုင်ခြေမြင့်မားတယ်" လို့ ပြောပါတယ်။

ပင်လယ်ကွေ့ဒေသ၊ ပါကစ္စတန် နဲ့ အီရန် အရာရှိတွေကတော့ ဝါရှင်တန် နဲ့ တီဟီရန်က စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေ ဒီအပတ်နှောင်းပိုင်းမှာ ပါကစ္စတန်ကို ရောက်လာဖို့ ရှိတယ်လို့ ပြောထားပြီး ရက်အတိအကျတော့ သဘောတူမှုမရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီသံတမန်ရေးကြိုးပမ်းမှုကနေ ရေနံစျေးကွက်တည်ငြိမ်ရေး ဆက်လက်အထောက်အကူဖြစ်ဖို့ မျှော်လင့်နေကြပြီး အင်္ဂါနေ့ကဆိုရင် ရေနံ စံသတ်မှတ်ဈေးနှုန်းက အမေရိကန် ဒေါ်လာ ၁၀၀ အောက်ကို ကျသွားခဲ့ပါတယ်။

အီရန်ဟာ ကမ္ဘာ့ရေနံဆီ နဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အတွက် အခရာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ထားပါတယ်။ အမေရိကန် နဲ့ အစ္စရေး တို့စပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အခုထိ ပိတ်ထားဆဲပါ။

အမေရိကန် စစ်သဘော တစ်ဒါဇင်ကျော်၊ တပ်သား ၁ သောင်းလောက်နဲ့ အီရန်ဆိပ်ကမ်းတွေကို အဝင်၊ အထွက်လုပ်နေတဲ့ သင်္ဘောတွေကို ပိတ်ဆို့ထားပါတယ်။ ဒါဟာ အီရန် စီးပွားရေး ရဲ့ အဓိက အသက်သွေးကြောကိုလည်း ဖြတ်တောက်လိုက်တာပါ။

အဓိကကတော့ တီဟီရန်အစိုးရ ရဲ့ အဓိက ဝင်ငွေရလမ်း နှစ်ခုဖြစ်တဲ့ ရေနံဝင်ငွေ နဲ့ ရေလက်ကြားထဲအဝင်၊အထွက်လုပ်တဲ့ သင်္ဘောတွေဆီက အခွန်ငွေတွေအပေါ် ဖိအားပေးဖို့ ရည်ရွယ်တာပါ။

အရှေ့အလယ်ပိုင်းဒေသနဲ့ အာရှအလယ်ပိုင်းဒေသ တစ်စိတ်တစ်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေကို တာဝန်ယူထားတဲ့ အမေရိကန် အလယ်ပိုင်းကွပ်ကဲရေး စစ်ဌာနချုပ် (Centcom)က အင်္ဂါနေ့တုန်းက ပြောရာမှာတော့ ကုန်တင်သင်္ဘော ၆ စင်းဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ "ညွှန်ကြားမှုကို လိုက်နာပြီး" အီရန်ဆိပ်ကမ်းတွေကို လှည့်ပြန်သွားခဲ့တယ်လို့ ပြောပါတယ်။

အလယ်ပိုင်းကွပ်ကဲရေး စစ်ဌာနချုပ်ရဲ့ တပ်မှူး အဒန် ဘရက် ကူးပါးက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ထဲမှာ "အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်တပ်ရဲ့ ပင်လယ်ရေလမ်းကြောင်းဆိုင်ရာ အသာစီးရှိမှုကို အသုံးချပြီး အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့မှုကို အပြည့်အဝ အကောင်အထည်ဖော်ထားနိုင်တယ်" လို့ ပြောထားပါတယ်။

"ခန့်မှန်းခြေအားဖြင့် အီရန် စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းက နိုင်ငံတကာ ရေလမ်းကြောင်းကုန်သွယ်ရေးကနေ လာပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှု စတင်ပြီး ၃၆ နာရီ အတွင်း အီရန်ကို ပင်လယ်အဝင်အထွက်လမ်းကြောင်းကနေ ကုန်သွယ်စီးပွား မလုပ်နိုင်အောင် အမေရိကန်တပ်ဖွဲ့တွေက လုံးဝ ရပ်တန့်ပစ်နိုင်ခဲ့ပြီ" လို့ သူကပြောပါတယ်။

ရေကြောင်းကုန်သွယ်ကိန်းဂဏန်းအချက်အလက်တွေကို ဘီဘီစီရဲ့ သတင်းအချက်အလက်စိစစ်ရေးအဖွဲ့ BBC Verify က လေ့လာကြည့်တဲ့အခါ အနည်းဆုံး အီရန် နဲ့ ဆက်စပ်တဲ့ သင်္ဘောလေးစင်းက ပိတ်ဆို့မှုတွေကြားကပဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တယ်လို့ တွေ့ရပါတယ်။ အဲဒီထဲက အနည်းဆုံး သင်္ဘောနှစ်စင်းက အရင်က အီရန်ဆိပ်ကမ်းမှာ ရှိနေခဲ့တာတွေ့ရပါတယ်။

နောက်ထပ် အီရန်နဲ့ မဆက်စပ်တဲ့ သင်္ဘော သုံးစင်းကလည်း ပိတ်ဆို့မှုတွေ စတင်တဲ့ တနင်္လာနေ့နောက်ပိုင်းမှာ ဒီရေလက်ကြားကို ဖြတ်သန်းခဲ့တာကို BBC Verify အစီအစဉ်က တွေ့ရှိခဲ့ပါတယ်။

အစ္စလာမာဘတ်မှာ လုပ်ခဲ့တဲ့ ကနဦး အဆင့်မြင့်အရာရှိဆွေးနွေးပွဲတွေက သဘောတူညီမှုမရခဲ့ဘဲ ဒါကလည်း အမေရိကန်ရဲ့ အဆိုပြုချက်တွေကို အီရန်ဘက်က မလိုက်လျောတာကြောင့်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။

အဲဒီထဲမှာ အီရန် ရဲ့ နျူကလီးယားရည်မှန်းချက်တွေက အဓိက ညှိနှိုင်းမရတဲ့အချက်ဖြစ်ပါတယ်။

အမေရိကန်က အီရန်အနေနဲ့ ယူရေနီယမ်သတ္ထုသန့်စင်မှုကို နှစ် ၂၀ ရပ်ဆိုင်းရမယ်လို့ တောင်းဆိုခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဘီဘီစီ ရဲ့ အမေရိကန်မိတ်ဖက် သတင်းဌာန CBS ကို ပြောပါတယ်။

ဒါပေမဲ့ အီရန်ကတော့ ၅ နှစ်ရပ်ဆိုင်းဖို့ အကြံပြုခဲ့ကြောင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

အစ္စလာမာဘတ်ဆွေးနွေးပွဲမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဒုသမ္မတ ဂျေဒီဗန့်စ် ကတော့ အီရန်ဟာ သဘောတူညီမှုလိုချင်တယ်လို့ သူယုံကြည်ကြောင်း အင်္ဂါနေ့တုန်းက ရှေးရိုးစွဲနိုင်ငံရေးအုပ်စုတစ်ခုက လုပ်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

"အမေရိကန် နဲ့ အီရန်အကြား မယုံကြည်မှုတွေ အများကြီးရှိနေတယ်ဆိုတာ အမှန်ပါ။ ဒီပြဿနာကို နေ့တွင်းညတွင်းချင်းဖြေရှင်းဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး" လို့ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာလုပ်တဲ့ Turning Point USA အခမ်းအနားမှာ ပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ ဒီစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေး နှေးကွေးကျဆင်းမှုဆီ ထိုးကျသွားနိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် ကတော့ " စီးပွားရေးကို တစိုးတစ ထိခိုက်မှုက ရေရှည်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် စတေးသင့်တဲ့ အရာပါ" လို့ ဘီဘီစီကို ပြောပါတယ်။

တရုတ်ကတော့ ဒီပိတ်ဆို့မှုဟာ "အန္တရာယ်ရှိပြီး တာဝန်မဲ့ရာ ကျတယ်" လို့ သတိပေးပါတယ်။ ဒါဟာ နှစ်ဖက်တင်းမာမှုပိုတိုးလာစေပြီး ထိရှလွယ်တဲ့ အပစ်ရပ်သဘောတူညီမှုကိုလည်း မှေးမှိန်စေလိမ့်မယ်လို့ ဆိုပါတယ်။

အစ္စရေး-လက်ဘနွန် ဆွေးနွေးပွဲ

အစ္စရေး နဲ့ လက်ဘနွန်ကတော့ အင်္ဂါနေ့က ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးမှုတွေအပြီး နှစ်ဖက်တိုက်ရိုက် ဆွေးနွေးမှုတွေလုပ်ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ အီရန်ထောက်ပံ့ပေးထားတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ကို ပစ်မှတ်ထားပြီး လက်ဘနွန်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ဒီနှစ်နိုင်ငံရဲ့ တွေ့ဆုံမှုဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုက်ရိုက် တွေ့ဆုံမှု ဖြစ်ပါတယ်။

ဒါပေမဲ့ အစ္စလာမာဘတ်အစည်းအဝေးနဲ့ ဝါရှင်တန်အစည်းအဝေးတွေကြားမှာ ဘာချိတ်ဆက်မှုမျှမရှိတဲ့အကြောင်း အမေရိကန်အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။