ဧပြီလ ၂၂ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူတောင်းဆိုတဲ့ သတင်းအပါအဝင် ဧပြီ ၂၂ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဧပြီလ ၂၂ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ကိုရင်ငယ်တစ်ပါးကို ဦးပဉ္စင်းတစ်ပါးက ပြင်းပြင်းထန်ထန် ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ထဲက ဦးပဉ္စင်းကို ခေါ်ယူစစ်ဆေးပြီး ခံဝန်ထိုးခိုင်းထားတယ်လို့ မြိတ်အခြေစိုက်သတင်းရင်းမြစ်က ပြောပါတယ်။
ရိုက်နှက်နေတဲ့ ဦးပဉ္စင်းဟာ တနင်္သာရီတိုင်း၊ မြိတ်မြို့အထွက် ကျောက်ဖြူတောင်က ပဋိပတ္တိတောရကျောင်းက သံဃာတစ်ပါး ဖြစ်တယ်လို့ ဆိုပါတယ်။ မြို့နယ်သံဃနာယကအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က ဒီကနေ့မှာ ခေါ်ယူစစ်မေးခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
''ကိုရင်လေးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ သိရတယ်။ ရိုက်တဲ့ ဦးပဉ္စင်းကတော့ ကျောင်းထိုင်ဘုန်းကြီး မဟုတ်ဘူး။ ကျောင်းမှာ သီတင်းသုံးတဲ့ ဦးပဉ္စင်းပါ။ အခု သံဃနာယကအဖွဲ့က ခံဝန်နဲ့ပြန်လွှတ်ထားတယ်'' လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ ရိုက်နှက်ခဲ့တဲ့ ဦးပဉ္စင်းကို ဝေဖန် ရေးသားပြောဆိုမှုတွေ ရှိနေသလို မြိတ်မြို့ဒေသခံအချို့ကလည်း ခံဝန်ထိုးခိုင်းပြီးပြန်လွှတ်ခဲ့တဲ့အပေါ် ဝေဖန်ကြတာရှိပါတယ်။
မြန်မာနဲ့ အာဆီယံကြား ပေါင်းကူးသဖွယ် ကူညီမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ ဒီနေ့ တွေ့ဆုံချိန် ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ၂ ရက် ခရီးစဉ်အဖြစ် နေပြည်တော်ကို မနေ့ကတည်းက ရောက်နေတာဖြစ်ပြီး ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူထားပြီးနောက်မှာ နေပြည်တော်ကို လာတဲ့ ဒေသတွင်းနိုင်ငံတစ်နိုင်ငံရဲ့ ထိပ်တန်းသံတမန်လည်း ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်နဲ့ နေပြည်တော်ကို သွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ- ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍတွေအတွက် ဆွေးနွေးခဲ့တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးတော့ ထိုင်းနိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေး အရှည်သဖြစ် ဆက်ရှိအောင် ဆက်ပြီး အားပေးထောက်ခံမယ်လို့ ပြောခဲ့တဲ့အကြောင်းလည်း ထိုင်းဘက်က သတင်းထုတ်ပါတယ်။
အီရန်စစ်ပွဲကြောင့် ကွန်ဒုံးထုတ်ရာမှာသုံးတဲ့ကုန်ကြမ်းပစ္စည်းတွေရရှိတာ ကမောက်ကမ ဆက်ဖြစ်နေမယ်ဆိုရင် ကွန်ဒုံးစျေးကို ၃၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုတဲ့နှုန်းနဲ့ စျေးတက်ရတော့မယ်လို့ ကွန်ဒုံးထုတ် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းကြီးဖြစ်တဲ့ Karex ရဲ့သူဌေးက ပြောပါတယ်။
Karex အမှုဆောင်ချုပ် Goh Miah Kiat ကတော့ အီရန် ပဋိပက္ခစတင်ကတည်းက ထုတ်လုပ်စရိတ်ဟာ တရိပ်ရိပ်တက်လာတယ်လို့ မီဒီယာတွေကို ပြောပါတယ်။
မလေးရှားအခြေစိုက် ဒီကုမ္ပဏီဟာ တစ်နှစ်ကို ကွန်ဒုံး အခုရေ သန်းငါးထောင်ကျော် ထုတ်လုပ်နေပြီး Durex နဲ့ Trojan တို့လို ကွန်ဒုံးတံဆိပ်တွေကို ပစ္စည်းပို့နေတာဖြစ်ပါတယ်။
ဂို့က ရိုက်တာနဲ့ ဘလွန်းဘာ့ဂ်သတင်းဌာနတို့ကို ပေးတဲ့အင်တာဗျူးမှာ အခုလိုပြောလိုက်တာဖြစ်ပြီး ဘီဘီစီက သီးခြားမှတ်ချက်ရနိုင်ဖို့ ကုမ္ပဏီကို ဆက်သွယ်နေတုန်းဖြစ်ပါတယ်။
Karex ဟာ ကွန်ဒုံးလုပ်ရာမှာသုံးတဲ့ ရာဘာစေး ကြာရှည်ခံဖို့ အမိုးနီးယားအပါအဝင် ရေနံကနေထုတ်တဲ့ပစ္စည်းတွေကို သုံးရပါတယ်။
ကမ္ဘာ့ရေနံထောက်ပို့မှုဟာ အီရန်က အမေရိကန်နဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကို ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ရေယာဉ်တွေကို ပစ်မှတ်ထားမယ်လို့ ခြိမ်းခြောက်ပြီးနောက်မှာ ကမောက်ကမဖြစ်ကုန်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ရေနံပင်မပို့ကုန်လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုဖြစ်တဲ့အခါ ပစ္စည်းရရှိတာလည်း ပျက်ပြားခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း အခုနှစ်အတွင်း ကွန်ဒုံးဝယ်လိုအား ၃၀ ရာခိုင်နှုန်းအထိ တက်သွားပြီး အဲဒီဝယ်လိုအားနဲ့အတူ ပစ္စည်းပို့ခနဲ့ နှောင့်နှေးမှုတွေကလည်း ပစ္စည်းပြတ်ဖို့ ဖြစ်လာတယ်လို့ ဂို့က ပြောပါတယ်။
တဖက်မှာလည်း ကွန်ဒုံးစျေးတက်လာတာဟာ အီရန်နဲ့ဖြစ်တဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲဟာ ကမ္ဘာ့စွမ်းအင်စျေးကွက်ကို လှုပ်ခါရုံတင်မက အခြားနယ်ပယ်တွေကိုပါသက်ရောက်လာတယ်ဆိုတာကို ပြသနေပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြားက ဆွေးနွေးပွဲ တိုးတက်မှုမရှိသေးသရွေ့ အီရန်နဲ့အပစ်ရပ်တာကို သက်တမ်း ထပ်တိုးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။
''အီရန်ဘက်က ခေါင်းဆောင်တွေရဲ့ တသဘောတည်းရှိတဲ့အဆိုပြုချက်တစ်ခု မထွက်လာမချင်း'' အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆိုမှု ဆက်ရှိနေလိမ့်မယ်လို့တော့ သမ္မတ ထရမ့်က ပြောပါတယ်။
ဒီနေ့ သက်တမ်းကုန်တဲ့ ၂ ပတ်ကြာ အပစ်ရပ်မှုနဲ့ပတ်သက်ပြီး ဒုတိယအကျော့ဆွေးနွေးပွဲ အခြေအနေကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ဟာ အစ္စလာမာဘတ်မြို့ကို အင်္ဂါနေ့မှာ ထွက်ခွာတာ မရှိတာကြောင့်ဖြစ်ပါတယ်။ ပြီးတော့ အီရန်ဘက်ကလည်း ထရမ့်ဘက်က အခုမှတ်ချက်နဲ့ပတ်သက်ပြီး တရားဝင်တုံ့ပြန်တာ မရှိသေးပါဘူး။
အီရန်လွှတ်တော်ဥက္ကဋ္ဌရဲ့အကြံပေးတစ်ဦးကတော့ အပစ်ရပ်ထပ်တိုးမယ့်ကိစ္စဟာ ''ရုတ်တရက် လေကြောင်းတိုက်နိုင်ဖို့ အချိန်ဆွဲရုံ သက်သက်ဖြစ်တယ်'' လို့ပြောပါတယ်။ အီရန်လွှတ်တော်ဥက္ကဋ္ဌဟာ ပါကစ္စတန်၊ အစ္စလာမာဘတ်မြို့မှာပြုလုပ်ခဲ့တဲ့ အမေရိကန်ဆွေးနွေးပွဲကို အီရန်ဘက်ကနေ ဦးဆောင်တက်ရောက် ညှိနှိုင်းခဲ့သူဖြစ်ပါတယ်။
ပါကစ္စတန်မြို့တော် အစ္စလာဘတ်မှာတော့ ဆွေးနွေးပွဲ ဒုတိယအကြော့အတွက် ပြင်ဆင်ထားတာကို တွေ့ရပေမဲ့ အခုတစ်ပတ်ဆွေးနွေးပွဲဟာ တဖြည်းဖြည်း မှေးမှိန်လာသယောင်တွေ့ရတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီသတင်းထောက်က ရေးပါတယ်။
ဝါရှင်တန်မှာရှိတဲ့ဘီဘီစီသတင်းထောက်တော့ ထရမ့်ဟာ အခုတစ်ခေါက် အပစ်ရပ်ကို သက်တမ်းတိုးတယ်ဆိုရင် အချိန်ပိုရအောင် ဆွဲဆန့်တာဖြစ်ပြီး ဒီပဋိပက္ခကို အဆုံးသတ်ဖို့ ပိုအားသန်လာတယ်ဆိုတာကိုလည်း ညွှန်းဆိုနေတယ်လို့ ရေးပါတယ်။
အိန္ဒိယလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေရဲ့အမတ် ၃ ပုံ ၁ ပုံ နေရာတွေကို အမျိုးသမီးတွေအတွက် သတ်မှတ်မယ့်ဥပဒေပြဋ္ဌာန်းနိုင်ရေး အိန္ဒိယအစိုးရက လုပ်ဆောင်နေပါတယ်။
ဒီလိုလုပ်ဖို့အတွက် အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တစ်ချက်ကို ပြင်ဆင်မယ့်ဥပဒေကြမ်းတစ်ခုကို လွှတ်တော်ထံ မိတ်ဆက် တင်ပြခဲ့ပါတယ်။
ဥပဒေကြမ်းမိတ်ဆက်တဲ့ကိစ္စကို လွှတ်တော်အထူးအစည်းအဝေးမှာ အမတ်တွေ ဆွေးနွေးခဲ့ကြပြီး ကြာသပတေးနေ့က မဲပေးခဲ့ကြကာ ထောက်ခံမှု ရရှိသွားတဲ့အတွက် ဒီဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းတော့မှာပါ။
ဒီဥပဒေကြမ်းအတည်ပြုနိုင်ဖို့ကတော့ လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ထောက်ခံမှုကို ရရှိဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယရဲ့အောက်လွှတ်တော်အမတ် ၅၄၃ ယောက်မှာ အမျိုးအမီးအမတ်က ၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ အခုပြုပြင်ပြောင်းလဲရေးက လွှတ်တော်မှာ အမျိုးသမီး အမတ် ၃၃ ရာခိုင်နှုန်းဖြစ်လာနိုင်တာမို့ ဒါက ဒီအရေးနဲ့ပတ်သက်တဲ့ကမ္ဘာ့စံသတ်မှတ်ချက်နဲ့ ကိုက်ညီသွားမှာပါ။
တချိန်တည်းမှာပဲ ၂၀၁၁ သန်းခေါင်စာရင်းကို အခြေခံတဲ့မဲဆန္ဒနယ်တွေ ပြန်လည်ရေးဆွဲတာကို လုပ်ဆောင်နေကြတာဖြစ်ပြီး အောက်လွှတ်တော်ဟာ အမတ် ၅၄၃ နေရာကနေ ၈၅၀ နေရာအထိ တိုးများလာနိုင်ပါတယ်။
ဒါပေမဲ့ ဒီ ကိုတာစနစ်အပေါ် အငြင်းပွားနေကြတာလည်း ရှိပါတယ်။ ရွေးကောက်ပွဲ ရာသီမှာ အစိုးရက အပြောင်းအလဲတွေကို အလျင်စလို လုပ်နေတာလို့ အတိုက်အခံပါတီတွေက စွပ်စွဲနေကြတာပါ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ဆိုပြီး နေပြည်တော်ကို သွားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ပုကတ်ကောင်းက နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှု PM2.5 အရေး အဓိက ထားဆွေးနွေးမယ်လို့ ပြောပါတယ်။
ဘန်ကောက်မြို့ကနေ နေပြည်တော်ကို လေကြောင်းနဲ့ မထွက်ခွာခင် မနေ့ ဧပြီလ ၂၁ ရက်မှာ ဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
နေပြည်တော်ရောက် ဝန်ကြီးဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်က ပဋိပက္ခတွေအရေးကိုလည်း ဗိုလ်ချုပ်မှူးကြီးရာထူးစွန့်ပြီး သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်နဲ့တွေဆုံ ဆွေးနွေးနိုင်ခြေရှိတယ်လို့ ထိုင်းအစိုးရသတင်းဌာနတွေက ဖော်ပြပါတယ်။
ဒီအတောအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ်က မြန်မာနဲ့နယ်စပ်က တိုက်ပွဲတွေကနေ ထိုင်းဘက်ကိို အဖိတ်အစင်မဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း အစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
တောင်ယာမီးရှို့မှု၊ တောမီးလောင်မှုတွေကြောင့်ဖြစ်တဲ့ မီးခိုးမြူအရေးဟာ မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသအတွင်း နှစ်စဉ်ကြုံရလေ့ရှိတာကြောင့် ထိုင်းဝန်ကြီးရဲ့အခုနေပြည်တော် ခရီးစဉ်ဟာ ဒီအရေးကို ဦးစားပေးတာလို့ နားလည်ရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထိုင်းနိုင်ငံသားတွေအတွက် စိုးရိမ်ကြောင်းနဲ့ မြန်မာဘက်ခြမ်းမှာဖြစ်နေတဲ့ ပဋိပက္ခကနေ ထိုင်းနိုင်ငံကို ဖိတ်စင်မှု မရှိစေဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဘန်ကောက်မြို့က အစိုးရအိမ်တော်မှာ ဒီကနေ့ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလို့ ထိခိုက်ခံစားခဲ့ရတဲ့ ထိုင်းနိုင်ငံတွေအကြောင်း အစည်းအဝေးမှာမေးတဲ့အခါမှာ ဝန်ကြီးချုပ်က သံခင်းတမန်ခင်းအရ ထိတွေ့ဆက်ဆံမှုတွေအပါအဝင် လုံခြုံရေးအစီအမံတွေအားလုံးကို သက်ဆိုင်ရာချန်နယ်တွေကတဆင့် ဆောင်ရွက်ထားတယ်လို့ တုံ့ပြန်ပါတယ်။
မြန်မာအာဏာပိုင်တွေဘက်က ဒီပဋိပက္ခဟာ ပြည်တွင်းစစ်ရေးသာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမဟုတ်ဘူးလို့ ပြန်တုံ့ပြန်ထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။
“ကျွန်တော်တို့က ဒါကို လက်မခံနိုင်ပါဘူး။ တိုက်ပွဲဖြစ်ရင် သူနိုင်ငံထဲမှာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ နိုင်ငံကို လာထိခိုက်စရာမလိုဘူး” လို့ အနုတင်က ပြောပါတယ်။
ဧပြီ ၂၀ ရက်က ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်အနီး မြန်မာဘက်ခြမ်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ဆေးရုံကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံဘက်ကို ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာပါ။
ဗုံးဟာ ထိုင်း - မြန်မာနယ်စပ်ကို ဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်ရဲ့ ထိုင်းဘက်ခြမ်း သောင်ပြင်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှု မရှိခဲ့ပေမဲ့ လူနေအိမ် အချို့တော့ ဗုံးအစအနတွေ ထိမှန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်အပြီး ထိုင်းအာဏာပိုင်တွေက ဗုံးကျခဲ့တဲ့နေရာအနီးက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့စဉ် ၂၄ နာရီ လုံခြုံရေးကင်းလှည့်ဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာဖွင့်ထားတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ လူနာတွေအပါအဝင် လူပေါင်း ၂၀ ခန့်ကို စစ်တပ်က ဧပြီ ၂၁ ရက်၊ ည ၁၀ နာရီခွဲအချိန်မှာ ဖမ်းဆီးသွားတယ်လို့ အခြေအနေသိရှိသူက ပြောပါတယ်။
‘‘ဆရာဝန်တွေရော၊ သူနာပြုတွေရော၊ လူနာတွေရော ခေါ်သွားတာ။ အရေအတွက် များမယ်။ အနည်းဆုံး လူ ၂၀ အထက် ရှိမယ်” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ဒီလူတွေကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ဒီနေ့မနက်ပိုင်းအထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ဖားကန့်ဒေသခံ ၂ ဦးက ပြောပါတယ်။
ဒါပေမဲ့ ဒီလိုဖမ်းဆီးမှုမတိုင်ခင် လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်တပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်လို့ စစ်သားအချို့ သေဆုံးတယ်လို့ သိရတဲ့အကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ “မနေ့က စစ်တပ်ဘက်က ဒဏ်ရာရသူတွေကို ကုသဖို့ ခေါ်သွားတာလား၊ တော်လှန်ရေးဘက်နဲ့ ဆက်စပ်လို့ပဲ ခေါ်သွားတာလား မသိဘူး” လို့ ပြောပါတယ်။
နောက်ပြီး စစ်တပ်က တဆက်တည်းမှာပဲ လုံးခင်းကျေးရွာထဲမှာရှိတဲ့ ဟိုတယ်တစ်ခုက ဝန်ထမ်းတွေ ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူ အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိ စစ်တပ်က လုံးခင်းကျေးရွာထဲမှာ တပ်စွဲထားပြီး ရွာထဲမှာ နေထိုင်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
KIA ကတော့ ဖားကန့်မြို့နယ်ထဲမှာ စစ်တပ် နဲ့ ပူးပေါင်းတပ်တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဖားကန့်- နန့်ယား- ကားမိုင်းလမ်းပိုင်းကိုလည်း ဧပြီ ၂၂ ရက်ကစလို့ ရက်အကန့်အသတ်မရှိ အသွားအလာ ယာယီကန့်သတ်လိုက်ကြောင်း ကြေညာထားပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့တစ်ပတ်မှာ စစ်ကြောင်းဖြန့်တာကြောင့် KIA/PDF ပူးပေါင်းအဖွဲ့တွေက စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်ခဲ့သလို စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုတွေအတွင်း ကလေးငယ်တစ်ဦး ကျည်စထိမှန်သေဆုံးခဲ့သလို နောက်ထပ် ဒဏ်ရာရတဲ့အရပ်သားတွေလည်း ရှိခဲ့ပါတယ်။
ကမ္ဘာ့ရေကြောင်းအတွက် အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့မှုတွေဖြစ်နေချိန်မှာ ကမ္ဘာ့ကုန်သွယ်ရေကြောင်း နောက်တစ်ခုဟာလည်း တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှု ခံလာရပါတယ်။
အရှေ့တောင်အာရှမှာရှိတဲ့ မလက္ကာရေလက်ကြားဟာ အခုတော့ အများအာရုံစိုက်စရာဖြစ်လာပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ကြား ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ ချုပ်ဆိုခဲ့ကြပြီးတဲ့နောက် ရေလက်ကြားက အင်ဒိုနီးရှားလေပိုင်နက်ထဲမှာ စစ်ဘက်ဆိုင်ရာ လေကြောင်းပျံသန်းမှု အပြည့်အဝလုပ်နိုင်ဖို့ အဆိုပြုချက်တစ်ခုကို အမေရိကန်ဘက်က ကမ်းလှမ်းလာတယ်လို့ဆိုပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပြောဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး အပြီးသတ်မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။
အကဲခတ်တွေကတော့ ဒီအရွေ့ဟာ ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
ဆိုတော့ မလက္ကာရေလက်ကြားဆိုတာဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
တရုတ်နိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ၊ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူးဖြစ်သူ မစ္စတာ ရွှီကျင့်က ဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဧပြီ ၂၁ ရက်က တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ရွှီကျင့်ဟာ ဒီတွေ့ဆုံမှု မတိုင်ခင် ဧပြီ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်တဲ့ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားလည်း အဲဒီပွဲကို တက်ရောက်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုကြောင်း တရားဝင်ထုတ်ပြန်တာမရှိပေမဲ့ MCITP ဘက်က ရေနံနဲ့ ဒီဇယ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း အဓိကဆွေးနွေးသွားမယ်လို့ MCITP ရဲ့အကြံပေး ဦးညိုအုန်းမြင့်က မစ္စတာ ရွှီကျင့် ခရီးစဉ်မတိုင်ခင်မှာ ဘီဘီစီကို ပြောထားပါတယ်။
မစ္စတာ ရွှီကျင့်နဲ့ ဦးမင်းအောင်လှိုင် တွေ့ဆုံတဲ့အခါမှာတော့ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေ၊ MCITP ကတဆင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လခရီးစဉ်အပြီးမှာ MCITP အသင်းကို တည်ထောင်ဖို့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။
ဒီအသင်းတည်ထောင်သူဟာ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းဖြစ်ပြီး၊ KBZ ဘဏ်ကုမ္ပဏီ နာယကဖြစ်သူ ဦးအောင်ကိုဝင်းက နာယကတာဝန်ယူကာ၊ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ရဲ့ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်က အတွင်းရေးမှူးအဖြစ်တာဝန်ယူထားတယ်လို့ MCITP ကြေညာထားပါတယ်။
MCITP အသင်းဖွဲ့စည်းပုံရဲ့ထိပ်ပိုင်းမှာတော့ စစ်ကော်မရှင်ဝန်ကြီးဌာန ၄ ခုက တာဝန်ရှိသူတွေက နေရာယူထားပါတယ်။
ဒီအသင်းဟာ ဦးမင်းအောင်လှိုင် သမ္မတ စလုပ်တဲ့ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အထိ ငါးနှစ်တာအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ၃.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံ)နဲ့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တရုတ်ယွမ် ၇၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံ)ရအောင် ဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
မြန်မာက စစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်တယ်လို့ ပုံဖော်ခံရလေ့ရှိတဲ့ အိမ်နီးချင်းထိုင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၂၂ ရက်မှာ နေပြည်တော်အစိုးရနဲ့ တွေ့ဆုံတဲ့ မြန်မာခရီးစဥ်ရှိပါတယ်။
ထိုင်းရဲ့ ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက် အာဆီယံဒေသတွင်းသြဇာရှိတဲ့နိုင်ငံတစ်ခုက ထိပ်တန်းသံတမန်တစ်ဦးက လာရောက် ကောင်းချီးပေးတဲ့ခရီးစဥ်အဖြစ် နေပြည်တော်ဘက်က ရှုမြင်နိုင်ပါတယ်။
အာဆီယံဥက္ကဋ္ဌ ၄ နိုင်ငံဆက်တိုက်တင်မက ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထိ မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ပြဿနာကို ပြေလည်ဖို့ ကြားဝင်နိုင်ငံအဖြစ် ထိုင်းကတာဝန်ယူလာနိုင်တယ်ဆိုတဲ့ သတင်းတွေက သံတမန်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။
အထီးကျန်ချင်းပေါင်းဖက်တဲ့ သံတမန်ရေးကိုအားပြုနေတဲ့ နေပြည်တော်ကို သံတမန်အတွေ့အကြုံ နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ ဝန်ကြီးဆီဟာဆတ်ရဲ့ ခြေလှမ်းတွေစိပ်နေတာရဲ့ နောက်မှာ ဆက်နွှယ်ချက်တွေရှိနေတယ်လို့ သံတမန်အသိုင်းအဝိုင်းက ကောက်ချက်ချပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်က နေပြည်တော်မှာ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ သူ့ မိခင် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြဖို့ တောင်းဆိုလိုက်ပါတယ်။
အသက် ၈၁ နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကို အာဏာပိုင်တွေကို လူမှုကွန်ရက်တွေပေါ်ကနေသာမက နိုင်ငံတကာကပါ တောင်းဆိုကြဖို့ တိုက်တွန်းတဲ့ ‘’Proof Of Life’’ ဆိုတဲ့လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ပြီလို့ All In One Piece Movement က ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ သမ္မတ ဦးဝင်းမြင့်ဟာ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့ နေအိမ်ပြန်ရောက်လာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နေပြည်တော်ဘက်က တရားဝင်ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဦးဝင်းမြင့်လည်း ဧပြီ ၁၇ ရက် လွတ်ငြိမ်းကြောင့် နေအိမ်ပြန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အရင်ဆုံးမေးမြန်းခဲ့တယ်လို့ အဲဒီနေ့က ဦးဝင်းမြင့်ကို သတင်းသွားမေးခဲ့သူက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ တရားရုံးချိန်းတွေပြီးသွားတဲ့နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်ကိုလည်း မသိရဘူးလို့ ဦးဝင်းမြင့်က ပြောကြောင်း သူက ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှု နဲ့ စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရတာပါ။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်း ခံထားရတာ လက်ရှိမှာ ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။
လွတ်ငြိမ်းမှာမပါခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်တို့က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကလည်း ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပေးတာကို ကြိုဆိုပေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ နေပြည်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကို တစုံတရာ မထုတ်ပြန်ဘဲ အမှောင်ချထားဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းခဲ့တဲ့ နေပြည်တော်က စစ်ဘက်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်လို့ နိုင်ငံတကာနဲ့တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြောနေပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကတော့ မြန်မာစစ်ကောင်စီဟာ နေပြည်တော်ကိုလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ ဒီလိုတွေ့ခွင့်ပေးတာကို စစ်ကောင်စီဘက်က သတင်းမထုတ်ပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတယ်ဆိုတဲ့အကြောင်းကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြောမှ ကမ္ဘာက သိခွင့်ရတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကို စစ်တပ်ရဲ့ထုတ်သမျှနဲ့သာ အများပြည်သူ သိခွင့်ရတာဖြစ်ပါတယ်။
တရုတ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ နေပြည်တော်ကို တောင်းဆိုနေတာကြာပြီလို့ ဆိုပါတယ်။
အခုတော့ နေပြည်တော်မှာ စစ်ခေါင်းဆောင်က သမ္မတ တာဝန်ယူပြီး အရပ်သားအုပ်ချုပ်မှုအသွင်ပြောင်းလိုက်ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း အခုသီတင်းပတ်ကုန်ပိုင်းအတွင်းမှာ နေပြည်တော်ကို လာရောက်ဖို့ ရှိနေတာကြောင့် ဦးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခွင့် ပေးမလား ဆိုတဲ့ခန့်မှန်းသုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
မင်္ဂလာပါ။ ဧပြီ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။