အောက်တိုဘာ ၂၉ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အာဆီယံအထူးသံဟာ နေပြည်တော်ခရီးမှာအရေးကြီးလူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံနိုင်မယ်လို့မျှော်လင့်တဲ့အကြောင်းပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အောက်တိုဘာ ၂၉ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီးတဲ့နောက် ထိုင်းနယ်စပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ နယ်စပ်ကျေးရွာတလျှောက်မှာ လုံခြုံရေးအင်အားပြ ကင်းလှည့်တာတွေ လုပ်နေတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပါတယ်။
ဒီနေ့ မနက်ပိုင်းက မြန်မာဘက်ခြမ်း မြ၀တီမြို့တောင်ပိုင်းက မင်းလက်ပံ ဒေသထဲ ဖြစ်တဲ့တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ မဲ့ကိုကင်းကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် အသက် ၅၀ ကျော် ထိုင်းအမျိုးသမီး ဒဏ်ရာရလို့ ဆေးရုံတင်လိုက်ပါတယ်။ ဒါပေမဲ့ ထိုင်းစစ်တပ် ထုတ်ပြန်ချက်အရ ဒဏ်ရာရ အမျိုးသမီးဟာ ဒဏ်ရာကနေ သက်သာပြီသွားပြီဆိုတာ တွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနယ်စပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ နယ်စပ်မှာရှိတဲ့ ဖော့ဖရမြို့နယ်ထဲက ကျေးရွာအချို့ကို အင်အားပြ စောင့်ကြည့်ကင်းလှည့်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ မြန်မာဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မဟာဝန်ကျေးရွာအုပ်စုနဲ့ မျက်နှာချင်းဆိုင်ဒေသမှာ လုံခြုံရေးစိုးရိမ်မှုတွေ ပေါ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို စိတ်ချယုံကြည်မှု ရှိစေဖို့နဲ့ လုံခြုံရေးအင်အားပြသနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် လိုက်နာရမယ့် လုံခြုံရေးအစီအမံတွေ၊ ပေါက်ကွဲစေနိုင်တယ်လို့ ယူဆရတဲ့သံသယဖြစ်ဖွယ် အရာ၀တ္ထုတွေတွေ့ရင် လုပ်ရမယ့် နည်းလမ်းတွေ၊ နယ်စပ်ဖြတ်ကျော်နေရာတွေကို သတိရှိဖို့ ဒေသခံတွေနဲ့ ပညာရေး၀န်ထမ်းတွေကို အသိပညာရေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်း မြန်မာဘက်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကိုတော့ ထိုင်းစစ်တပ်က မီးခိုးဗုံးနဲ့ မီးကျည်တွေ ပစ်ဖောက်ပြီး ပြန်လည်သတိပေးပစ်ခတ်ခဲ့ပါတယ်။
မြန်မာဘက်ခြမ်းက စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေကတော့ ဒီနေ့ မနက်ပိုင်း ၂ နာရီကတည်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ချုပ်စောချစ်သူဦးဆောင်တဲ့ ကရင်အမျိုးသားတပ် (KNA) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၊ ဝမ်ခရွာက ကျားဖြန့်ဆိုက်တစ်ခုမှာ လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦးက သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၂၂ ရက်၊ ည ၉ နာရီခွဲလောက်က ကျားဖြန့်ဆိုက်ဖြစ်တဲ့ Yulong Bay (ရိလုံဝမ်) လုပ်ငန်းခွင်မှာ ဖြစ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ကောင်လေးက ၂၈ နှစ် ဝန်းကျင်ရှိပြီ။ ကောင်မလေးက ၂၃ နှစ်ဝန်းကျင်ပဲ။ ကောင်မလေးက ကွန်ပျူတာ သန့်ရှင်းရေး လုပ်တာ။ ဖြစ်တာတော့ သမီးရည်းစားကိစ္စပဲ။ ကောင်လေးက ကောင်မလေးကို ဓားနဲ့ ၁၀ ချက် ကျော်ထိုးပြီး သတ်လိုက်တာ” လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
KNA ထိန်းချုပ်နယ်မြေထဲက ကျားဖြန့်ဆိုက်တွေရဲ့လုံခြုံရေးဝန်ထမ်းအားလုံးဟာ KNA ဆီမှာ မဖြစ်မနေ ၃ လ တာဝန်ထမ်းဆောင်ရတယ်လို့ သူက ပြောပါတယ်။ ကျူးလွန်ခဲ့သူ လူငယ် အမျိုးသားဟာ KNA ရဲ့အရံတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုတော့ ပြစ်မှု ကျူးလွန်ခဲ့သူကို KNA က ရွှေကုက္ကိုမြို့က KNA အချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အသတ်ခံခဲ့ရတဲ့အမျိုးသမီးကိုတော့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ညတွင်းချင်းမှာပဲ ဆိုက်အနီးက ဝမ်ခ သုဿန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။
အမျိုးသမီးရဲ့မိသားစုကိုတော့ ရိလုံဝမ်လုပ်ငန်းဘက်က လျော်ကြေးပေးခဲ့တယ်လို့ ဆိုပေမဲ့ ပမာဏ အတိအကျတော့ မသိရသေးပါဘူး။
လက်ရှိ ရိလုံဝမ် ကျားဖြန့်ဆိုက်ဟာ ဝန်ထမ်း ၆,၀၀၀ ကျော်နဲ့ ဆက်ပြီး လည်ပတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ဘီဘီစီက KNA ကို ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေဆိုတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌတွေ အကြိမ်ကြိမ်ပြောင်းလဲခဲ့ပေမဲ့ မပြောင်းလဲခဲ့တာကတော့ FATF လို့ ခေါ်တဲ့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ရဲ့ အမည်ပျက်စာရင်း(Blacklist) ပါ။
FATF ဟာ ၃၇ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ ပြုလုပ်နေပါတယ်။
ဒီအစည်းအဝေးမှာ ၄ နှစ်ကြာ အမည်ပျက်စာရင်း (Blacklist) သွင်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြန်သုံးသပ်တာ၊ ဆုံးဖြတ်ချက်ချတာတွေ လုပ်ဖို့ရှိနေပါတယ်။
FATF ကသာ မြန်မာကို အရေးယူမယ်လို့ ဆုံးဖြတ်လိုက်ရင် ဒါဟာ နေပြည်တော်အတွက် အခက်၊ တော်လှန်ရေးအတွက် အချက် ဖြစ်လာနိုင်တယ်လို့ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးဟောင်း ရှောင်တာနယ်နဲ့ နိုင်ငံရေးသုတေသီ ဒန်စွစ်တို့က ဝါရှင်တန်ပို့စ်သတင်းစာမှာ သုံးသပ်ရေးသားပါတယ်။
FATF အတွင်းရေးမှူးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ "မြန်မာကိုထပ်ပြီး အရေးယူမလားဆိုတာ အဖွဲ့ဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်သွားမယ်" လို့ ဘီဘီစီကို ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ မဲဆန္ဒရှင်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် လာမယ့်ရက်ပိုင်းအတွင်း မဲပေးကြဖို့ရှိနေပါတယ်။
ဒီရွေးကောက်ပွဲဟာ ၄ နှစ်ကြာတဲ့ သမ္မတ တစ်ဦးရဲ့ သက်တမ်း၀က် ၂ နှစ်မှာ ကျင်းပတာဖြစ်ပါတယ်။
အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်နေရာတွေအတွက် ကျင်းပတာလို့ဆိုပေမဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ သမ္မတ ထရမ့် အပေါ်မှာ သက်ရောက်မှုကြီးနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လက်ရှိ သမ္မတ ထရမ့် တာ၀န်ထမ်းဆောင်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သူ့ရဲ့လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး သူ့ပါတီ ရီပတ်ဘလီကန် အမတ်ကိုပဲ မဲထည့်မလား၊ တစ်ဖက်က ဒီမိုကရက်တစ်ပါတီ အမတ်ကိုပဲ မဲထည့်မလားဆိုတာ မဲဆန္ဒရှင်တွေ ဆုံးဖြတ်နိုင်ကြတာကြောင့်ဖြစ်ပါတယ်။
အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ သိသင့်တဲ့ ၇ ချက်အကြောင်း ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
ဝါရှင်တန်အစိုးရနဲ့နီးစပ်ဖို့ မြန်မာစစ်တပ်နဲ့သူ့အစိုးရအတွက် တစ်နှစ်ကို ဒေါ်လာ ၃ သန်းယူပြီး လော်ဘီလုပ်ပေးနေတဲ့ အမေရိကန်ကုမ္ပဏီကို အမေရိကန် အထင်ကရ အမတ်ဟောင်း ဖရန့်ခ် ၀ုဖမ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဥပဒေနဲ့ပိတ်ပင်ဖို့ လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။
အထက်လွှတ်တော်အမတ်ဟောင်း ဖရန့်ခ် ဝုဖ်ဟာ ရီပတ်ဘလီကန်ပါတီ၀င်ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဘက်ကလည်း လေးစားသမှုရှိတဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။
သူဟာ ဗာဂျီးနီးယားပြည်နယ်၊ ဖောစ်ချာ့မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ဆုပေးပွဲ(Frank Wolf International Religious Freedom Award) အခမ်းအနားမှာ ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်က အမေရိကန်အစိုးရနဲ့ဆက်ဆံရေး ပျိုးထောင်ဖို့ ဝါရှင်တန်အခြေစိုက် လော်ဘီ ကုမ္ပဏီ DCI ကို ငှားရမ်းခဲ့တာကို ရှုတ်ချပြောဆိုတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေပြီး ခရစ်ယာန်အသိုင်းအဝိုင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်းပြောပါတယ်။
ဖောချာ့စ်မြို့မှာ ကျင်းပတဲ့ Frank Wolf International Religious Freedom Award ဆုကိုတော့ မြန်မာ့အရေးကြိုးပမ်းတဲ့ Burma Adovcacy Group အဖွဲ့ အမှုဆောင်ချုပ် သိက္ခာတော်ရဆရာတော် ဒေါက် အေ ရွိုင် မက်ဒလီက ရရှိပါတယ်။
မြန်မာကို အကူအညီပေးတဲ့ Burma Act ကို အမေရိကန်လွှတ်တော်မှာ အတည်ပြုရေး ကြိုးပမ်းခဲ့ကြသူတွေထဲ ပါ၀င်တဲ့ ဗမာသုတေသန အင်စတီကျု(BRI) ဥက္ကဋ္ဌ ဇိုသုန်းမှုန်ကတော့ မြန်မာစစ်တပ်အနေနဲ့ အမေရိကန် လော်ဘီကုမ္ပဏီတွေကို ငှားရမ်းခွင့်မရအောင် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
BRI ဘက်ကတော့ ဒီတောင်းဆိုချက်ဟာ ၂၀၂၆ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြံပြုချက်နဲ့လည်း ကိုက်ညီနေတယ်လို့ဆိုပါတယ်။
အဲဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်အနေနဲ့ အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီတွေကို အသုံးပြုပြီး သူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကနေ ရှောင်ရှားဖို့နဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေခြင်းကို တားမြစ်နိုင်မယ့် ဥပဒေပြဋ္ဌာန်းဖို့ ကွန်ဂရက်ကို တိုက်တွန်းထားပါတယ်။
မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်မြို့တွေမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေ ရာနဲ့ချီ ပိုတိုးလာတယ်လို့ စစ်တမ်းတွေက မီးမောင်းထိုးပြနေပါတယ်။
တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေ တူးဖော်နေကြတဲ့ ဒီလုပ်ကွက်တွေမှာ မြန်မာအမျိုးသမီးတွေကို ငွေကြေးမက်လုံးပေးပြီး လိင်အမြတ်ထုတ်မှုတွေရှိလာတယ်လို့ လုပ်ကွက်တွေထဲက အမျိုးသမီးသုံးဦးက ထုတ်ပြောပါတယ်။
သူတို့က ကချင်ဒေသထဲက မတူညီတဲ့မြေရှားတူးဖော်ရေးလုပ်ကွက်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
ကချင်က မြေရှားလုပ်ကွက်တွေမှာ အမျိုးသမီးလုပ်သားတွေ လိင်လုပ်သားလုပ်ဖို့ ဘယ်လိုဖိအားပေးခံနေရလဲ။ မြေရှားလုပ်ကွက်တွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ကရော ဘယ်လိုဖြေရှင်းနေလဲဆိုတာကို ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။
ဒီလင့်ခ် မှာ ၀င်ရောက် ဖတ်ရှုနိုင်ပါတယ်။
မမြဆည်မှာ ဖြစ်ခဲ့တဲ့ တာဘောင်မြေသားလျှောကျမှုကြောင့် လူတစ်သောင်းကျော် ယာယီရွှေ့ပြောင်းခဲ့ရပြီး အခုတော့ အရေးပေါ်အခြေအနေကို ကျော်လွန်သွားပါပြီ။
ဒါပေမဲ့ သက်တမ်းရလာတဲ့ ဆည်တွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတဲ့ သင်ခန်းစာကတော့ ကျန်နေခဲ့ပါတယ်။
မမြဆည် ဖြစ်စဉ်နောက်ပိုင်း တခြားဆည်တွေကိုပါ သေချာစောင့်ကြည့် စစ်ဆေးဖို့ စီစဉ်လာတာဟာ အန္တရာယ်ဖြစ်လာမှ ပြုပြင်တာထက် ပြဿနာမဖြစ်ခင် ဆည်ရဲ့ပြောင်းလဲမှုတွေကို အချိန်မီသိနိုင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြနေပါတယ်။
ဒီအခြေအနေက မမြဆည်တစ်ခုတည်းကိုသာ ပြန်ကြည့်စရာဖြစ်စေတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တည်ဆောက်ခဲ့ပြီး ဒီနေ့အထိ အသုံးပြုနေတဲ့ တခြားဆည်တွေရဲ့ ဆောက်လုပ်မှု၊ ကြံ့ခိုင်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကိုပါ ပြန်ကြည့်စရာ ဖြစ်လာပါတယ်။
ဆောင်းပါးအပြည့်အစုံ ကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
မြန်မာဘက်ခြမ်းက တိုက်ပွဲကနေ လက်နက်ကြီးကျည်တစ်လုံး ထိုင်းဘက်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁ ဦး ဒဏ်ရာရခဲ့အပြီးမှာ ထိုင်းဘက်က ဒီအခြေနေကို မီးခိုးဗုံးပစ်ပြီး ပြန်လည် သတိပေးပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပါတယ်။
ထိုင်း -မြန်မာနယ်စပ်၊ မြ၀တီမြို့တောင်ပိုင်းက မြန်မာစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်း အဖွဲ့တွေရဲ့တိုက်ပွဲအတွင်း မော်တာကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလိုပြုလုပ်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
မဲဆောက်အပါအ၀င် ထိုင်းနယ်စပ် လုံခြုံရေးကိုင်တွယ်တဲ့ ထိုင်းစစ်တပ်ရဲ့ နရစွမ်တပ်ဖွဲ့ကတော့ အခုလိုပစ်ခတ်မှုကို စစ်ဘက်ဆိုင်ရာလုပ်ထုံးအလုပ်နည်း (ROE) အရ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
အခြေအနေကို ဟန်ချက်ညှိအောင် ပစ်ခတ်တဲ့အနေနဲ့ အလင်းပြကျည်နဲ့ မီးခိုးကျည်တွေကို သတိပေး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
မြန်မာဘက်က တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေအရ စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း တုံ့ပြန်မယ်လို့ ထိုင်းစစ်တပ်က အစောပိုင်းကတည်းက ပြောထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ပိုင်းက ဖလူး၊ မင်းလက်ပံ ဒေသတွေနဲ့ ဆက်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ဒီနေ့ မနက်ပိုင်းမှာ မြန်မာဘက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၁ ဦး ဒဏ်ရာရပြီး အိမ် ၁ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ထိုင်းသတင်းတွေမှာတော့ မြန်မာဘက်က မော်တာကျည် လက်နက်ကြီး ၂ လုံးဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်က မဲ့ကိုကင်းကျေးရွာကို ကျရောက်ခဲ့တာဖြစ်ပြီး အဲဒီထဲက တစ်လုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူဟာ အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးဖြစ်ပြီး နေအိမ်ဘေးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ သူ့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆေးကုသမှုပေးနေပြီလို့သိရပါတယ်။
မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်နောက်တစ်လုံးကတော့ ထိုင်းအာဏာပိုင်တွေက ရှင်းလင်းရေးလုပ်နေပြီလို့လည်း သိရပါတယ်။
မဲဆောက်အခြေစိုက် ထိုင်းသတင်းထောက်တစ်ဦးကတော့ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဒီနေ့ မနက်ပိုင်းတိုက်ပွဲဟာ ခါတိုင်းထက် ပိုပြီးထန်တယ်လို့ပြောပါတယ်။
မြန်မာဘက်ခြမ်းမှာ တိုက်ပွဲကြောင့် မီးခိုးလုံးတွေ ထိုးတက်နေတာတွေ့ရပြီး ဒရုန်းအချို့ ပျံသန်းနေတာကိုလည်း တွေ့ရတယ်လို့ သူက လူမှုကွန်ရက်ပေါ်မှာ ရုပ်သံတင်ထားပါတယ်။
၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ လာဇာရိုက သူ့ရဲ့မြန်မာခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအပြင် နေပြည်တော်က တွေ့ဆုံခွင့်ပြုမယ့် အခြားအရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ဖိလစ်ပိုင်သတင်းဌာန Bilyonaryo News Channel ကို ပြောပါတယ်။
သူ့ခရီးစဥ် မစခင်ပြောဆိုချက်လို့ နားလည်ရပြီး သူဟာ အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ သုံးရက်ကြာ သူ့ရဲ့လူသားချင်းစာနာမှုခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။
ဖိလစ်ပိုင်အထူးသံဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အစောပိုင်းကတည်းက ကြိုးပမ်းတောင်းဆိုနေတာလည်းဖြစ်ပါတယ်။
သြဂုတ်လက ထိုင်းနိုင်ငံက ကမကထလုပ်ခဲ့တဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ ဘန်ကောက်က တွေ့ဆုံမှုမှာကတည်းက အဲဒီတောင်းဆိုမှုလည်း ထပ်ပြောထားပါတယ်။
မစ္စ လာဇာရိုကတော့ ဒီခရီးစဥ်မှာ အာဆီယံလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ မြန်မာဘက်က ဘယ်လိုလုပ်ဆောင်ချက်တွေ ထပ်မံလုပ်ဆောင်နိုင်မလဲဆိုတာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးမှာ ချက်ချင်းကြီး ပြောင်းလဲမှုဖြစ်လာဖို့ ခက်ခဲနိုင်ပေမဲ့ လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အနည်းငယ်ဖြစ်စေ တိုးတက်မှုရရှိအောင် ကြိုးပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။
ပထမနေ့ ခရီးစဉ်အတွင်း အထူးကိုယ်စားလှယ်နဲ့ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန (AHA Centre) က မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့အကူအညီနဲ့ ပေးအပ်နေတဲ့ ဆန်၊ မိသားစုသုံးပစ္စည်းနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို လိုအပ်နေသူတွေဆီ ထောက်ပံ့ပေးအပ်နေမှုကို လေ့လာခဲ့ပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကို အဓိကထားတဲ့ ခရီးစဉ်ဖြစ်ပြီး AHA Centre နဲ့ မြန်မာကြက်ခြေနီအသင်းတို့ မရောက်ရှိနိုင်သေးတဲ့နေရာတွေမှာ အကူအညီပေးနိုင်မယ့် အခွင့်အလမ်းတွေ ဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ပြောထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လက်ကဘန်းခရိုင်မှာ တရုတ်အလုပ်ရှင်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့မှုနဲ့ ဆက်စပ်ပြီး သံသယရှိခံထားရတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်တွဲကို အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ချွန်ဘူရီခရိုင်က ကြံစိုက်ခင်းထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ ချွန်ဘူရီခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ထိုင်းသတင်းဌာနတချို့ ရဲ့ ဖော်ပြချက်အရ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ လက်ကဘန်းခရိုင်ရှိ တရုတ်နိုင်ငံသားရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၆၀ ခန့်ကို လုပ်ခလစာပေးနေချိန် အငြင်းပွားမှု ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား ယန်ကျုံးဆူးနဲ့ အသက် ၄၉ နှစ်အရွယ် ဟဲရှစ်ရှင်းတို့ဟာ အလုပ်သမားတွေကို လစာပေးဖို့ လုပ်ငန်းခွင်ကို ရောက်လာခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ယန်က မြန်မာအလုပ်သမား လင်မယားနှစ်တွဲကို အလုပ်လုပ်ပုံမကောင်းဘူး၊ သတ်မှတ်စံနှုန်းမမီဘူးဆိုပြီး ဆဲရေးပြောဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပြောဆိုချက်တွေကြောင့် မြန်မာလင်မယား နှစ်တွဲက အလုပ်ထွက်လိုကြောင်း ပြောခဲ့ပေမဲ့ ကြိုတင်အကြောင်းမကြားခဲ့တဲ့အတွက် လုပ်ခလစာပေးမှာမဟုတ်ဘူးလို့ ယန်က ပြောခဲ့ရာကနေ အငြင်းပွားမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြန်မာအမျိုးသားနှစ်ဦးက ယန်ကို သံချောင်းနဲ့ ရိုက်နှက်ပြီး ဓားနဲ့ထိုးခဲ့တာကြောင့် ယန် သေဆုံးခဲ့ပြီး ဟဲကတော့ ဦးခေါင်းနဲ့ ကျောဘက်မှာ ဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဥ် အပြီးမှာ မြန်မာလေးဦးဟာ ချွန်ဘူရီခရိုင်ဘက်ကို ထွက်ပြေးပြီး ကြံစိုက်ခင်းထဲမှာ ပုန်းအောင်းနေခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ဖနတ်နိခုံးရဲစခန်းက ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ ကြံစိုက်ခင်း ၁၀၀ ရိုင်ကျော်( ဧက ၄၀ ခန့်) ရှိတဲ့ နေရာကို ငါးနာရီကြာ ဝိုင်းပိတ်ရှာဖွေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြန်မာလေးဦးဟာ ကြံခင်းထဲကနေ ထွက်လာပြီး အဖမ်းခံခဲ့ကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖော်ပြပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၉ ရက် မှာ သူတို့လေးဦးကို အမှုဖြစ်ပွားခဲ့တဲ့ လက်ကဘန်းရဲစခန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။
မင်္ဂလာပါ။
အောက်တိုဘာ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။