နိုဝင်ဘာ ၁၇ ရက် သတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ တစ်နေ့တာသတင်း ေတွေကို ဒီစာမျက်နှာမှာတစ်စုတစည်းတည်း ပြန်ဖတ်နိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မနီလာမြို့ကိုရောက်တဲ့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အဲဒီမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲတက်နေတဲ့လုံခြုံရေးမဟာမိတ် (Quad)အဖွဲ့၀င်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ချက်ချင်းတွေ့ဆုံတဲ့သတင်းအပါအဝင် နိုဝင်ဘာ ၁၇ ရက် မြန်မာနဲ့ကမ္ဘာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
နိုဝင်ဘာ ၁၇ ရက် သတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ တစ်နေ့တာသတင်း ေတွေကို ဒီစာမျက်နှာမှာတစ်စုတစည်းတည်း ပြန်ဖတ်နိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်းနိုင်ငံရောက် အလုပ်ရှာနေတဲ့မြန်မာလူငယ်တွေ TikTok ကို ဝင်ကြည့်လိုက်တာနဲ့ သူတို့ရဲ့ အာရုံကို ဖမ်းစားနေတဲ့ အလုပ်ခေါ်စာတွေထဲမှာ TikTok မှာ Live လွှင့်ရမယ့်အလုပ်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။
အဲဒီထဲမှာ ခေတ်ပေါ်အဝတ်အစားဒီဇိုင်းတွေဝတ်ပြီး အုပ်စုလိုက် Live လွှင့် 'ကပြ'ရတာ၊ ဒါမှမဟုတ် တစ်ယောက်တည်း Live လွှင့် 'ကပြ' ပေးရုံနဲ့ တစ်လ ဘတ် ၂ သောင်းအပြင် ရက်မှန်ကြေးနဲ့ ဘောနပ်စ်တွေရမယ်လို့ အဲဒီအလုပ်ခေါ်စာတွေမှာ မက်လုံးပေးထားပါတယ်။
အဲဒီလုပ်ငန်းခွင်တွေက မြန်မာလူငယ်အချို့ကတော့ မြန်မာလူငယ်တွေကတော့ လုပ်ခလစာနဲ့ အလုပ်ချိန်ပိုတဲ့ပြဿနာတွေအပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတယ်လို့ ဖွင့်ဟကြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို Air Force One လေယာဉ်နဲ့ဆိုက်ရောက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လေယာဉ်ဆိုက်ဆိုက်ပြီးချင်းမှာပဲ အလုပ်အစီအစဉ် တစ်ခုပြီးတစ်ခု ဆက်တိုက် လုပနေပါတယ်။
သမ္မတ ထရမ့်ဟာ မနီလာမြို့ကို ရောက်ပြီး မကြာမီမှာပဲ "Quad" လို့ လူသိများတဲ့ အမေရိကန်ရဲ့လုံခြုံရေးမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံ ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ထရမ့်အပါအ၀င် အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီ၊ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးဇ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကိုင်ချီတို့ဟာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် Quad လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဒေသတွင်း လုံခြုံရေး၊ အင်ဒို-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။
Quad ဆိုတာဘာလဲ
ဒေါ်နယ်ထရမ့်ဟာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ Quad အစည်းအဝေးကို တက်ရောက်နေဖြစ်ပါတယ်။ Quad အဖွဲ့ဟာ ၂၀၂၄ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဒလ၀ဲ ပြည်နယ်မှာ ဂျိုးဘိုင်ဒန် သမ္မတတာဝန်ယူနေစဉ် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
Quad မှာ ဘယ်နိုင်ငံတွေ ပါဝင်သလဲ - Quad ကို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယတို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ကို ၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ဆူနာမီဘေးအန္တရာယ်အပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ပူးပေါင်းဆောင်ရွက်ရာက စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပြန်လည်အသက်သွင်းခဲ့ပါတယ်။
Quad ရဲ့ ရည်ရွယ်ချက်က ဘာလဲ - Quad ဟာ အင်ဒို-ပစိဖိတ်ဒေသကို အဓိကထားပြီး လွတ်လပ်ပွင့်လင်းတဲ့၊ စည်းမျဉ်းစည်းကမ်းအခြေခံတဲ့နိုင်ငံတကာစနစ်ကို ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ Quad ရဲ့ မဖော်ပြထားတဲ့ အဓိကရည်ရွယ်ချက်တစ်ခုဟာ ဒေသတွင်း သြဇာအာဏာ ပိုမိုချဲ့ထွင်လာနေတဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ထိန်းညှိဖို့ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ Quad အဖွဲ့ဝင်နိုင်ငံတွေဟာလည်း မကြာသေးခင်နှစ်တွေအတွင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
အမေရိကန် ဘာလုပ်မှာလဲ။ - ဒီအစည်းအဝေးမှာ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံ အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်ပူပန်မှုကို ပြသထားတဲ့ မဟာမိတ်နိုင်ငံတွေကို အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိကန်ရဲ့ကတိက၀တ် ပြသရဖို့ရာ ဖြစ်ပါတယ်။ မဟာမိတ်တွေကြား အမြင်မတူတာရှိပေမဲ့ အင်ဒို-ပစိဖိတ်ဒေသကိုတော့ ကမ္ဘာ့လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရေးကြီးဆုံးဒေသတစ်ခုအဖြစ် မြင်ကြပါတယ်။ တစ်ဖက်မှာတော့ တရုတ်နိုင်ငံက Quad ကို "အာရှ NATO(နေတိုး)" လို့ ခေါ်ဆိုပြီး ဒေသတွင်းနိုင်ငံတွေ သတိထားသင့်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးခရီးတစ်ထောက်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ရောက်ရှိပြီဖြစ်ပါတယ်။
မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာ အမေရိကန်အလံတွေ ကိုင်ဆောင်ထားတာနဲ့ ကြိုဆိုရေး ကော်ဇောနီခင်းကျင်းနေတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။
ထရမ့်ဟာ Air Force One လေယာဉ်ပေါ်က ဆင်းလာချိန်မှာ YMCA သီချင်းတီးခတ်နေတဲ့ တီးဝိုင်းရဲ့ကြိုဆိုမှုနဲ့ မနီလာမြေပေါ် ခြေချတယ်လို့ ဘီဘီစီရဲ့ အရှေ့တောင်အာရှ သတင်းထောက်က ရေးပါတယ်။
မနီလာမြို့မှာ ထရမ့်ဟာ ဒေသတွင်း ခေါင်းဆောင်တွေအပြင် အမေရိကန်ရဲ့ "Quad" လုံခြုံရေးမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယနိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အဲဒီနောက် ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို သွားရောက်ပြီး အာရှ-ပစိဖိတ်ဒေသ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လည်း ရှိနေပါတယ်။
ဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က ထရမ့်အတွက် ကော်ဇောနီကြိုဆိုပွဲနဲ့ သမ္မတနန်းတော်မှာ နိုင်ငံတော်အဆင့် နေ့လယ်စာ ဧည့်ခံပွဲအပါအဝင် ခမ်းခမ်းနားနား စီစဉ်ထားပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြုလုပ်နေတဲ့ တန်ဆောင်တိုင်ပွဲရဲ့ ပထမရက်မှာပဲ အနယ်နယ်အရပ်ရပ်က ပွဲတော်လာသူတွေ များပြားတာကြောင့် ပွဲခင်းထဲမှာ လူတိုး လူကျပ်ပြီး သတိလစ်မေ့မြောတဲ့အထိဖြစ်နေပါတယ်။
ဒါကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပွဲခင်းထဲ မခေါ်သင့်ဘူးလို့ မြို့ခံတချို့က အကြံပြုပါတယ်။
“ကားအပ်တဲ့နေရာကနေ ကြည့်ရင်လည်း မီးပုံးပျံတွေကို သေချာမြင်ရပါတယ်။ ပွဲခင်းထဲကိုဝင်ရင် လူတိုးတာပဲ ရှိတယ်။ လေးငါးပေလောက်တောင် ရွေ့အောင်သွားဖို့ မလွယ်ပါဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနှစ်မှာ လွတ်တင်မယ့် မီးပုံးပျံအရေအတွက်လည်း မနှစ်ကထက် ၂ ဆလောက်များတာကြောင့် ယမ်းတွေအသုံးပြုထားတဲ့ မီးပုံးပျက်ကျတာ၊ မီးစာပြုတ်ကျလာရင် လူအုပ်ထဲမှာ အန္တရာယ်များနိုင်တယ်လို့လည်း နောက်ထပ်မြို့ခံတစ်ဦးက သတိပေးပါတယ်။
“အန္တရာယ်များတယ်။ ထိရင်လည်း လျှော်ကြေး မရဘူး။ တခုခုဖြစ်ရင် ပွဲခင်းထဲကို အရေးပေါ်ကား လည်းလာလို့ မရလို့ သတိထားကြတာ အကောင်းဆုံးပါပဲ” လို့ပြောပါတယ်။
မနေ့ညက ပွဲတော်သွားခဲ့သူတစ်ဦးကတော့ ပွဲဈေးတန်းမှာ လူတိုးကြချိန် ဈေးသည်တချို့က ဟင်းရည်ပူနဲ့ပတ်တာကြုံရတယ်လို့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
ဒီမနက်အစောပိုင်း လွှတ်တင်လိုက်တဲ့ညမီးကြီး မီးပုံးပျံတစ်လုံးရဲ့မီးစာတိုင်နဲ့ ယမ်းခွေပြုတ်ကျပြီး ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ကို နိုဝင်ဘာ ၁၆ ကနေ ၂၄ ရက်အထိကျင်းပနေတာဖြစ်ပါတယ်။
မြန်မာအပါအ၀င် အရှေ့တောင်အာရှက ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးမှာ အမေရိကန်ဘက်က ဦးဆောင်နေတဲ့ ထိပ်တန်းအစိုးရှေ့နေ ဂျနင်း ပီရိုးဟာ မနေ့က ဘန်ကောက်မြို့မှာ ထိုင်းရဲမင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
သူဟာ အမေရိကန်ရှေ့နေချုပ်ရုံး၊ တရားရေး၊ FBI ထောက်လှမ်းရေးစတဲ့အဖွဲ့တွေပါ၀င်တဲ့အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး အထူးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းတယ်လို့ ကြေညာခဲ့သူဖြစ်ပါတယ်။
ကိုလံဘီယာခရိုင် (District of Columbia) အစိုးရရှေ့နေ ဂျနင်း ပီရိုးကတော့ နိုင်ငံဖြတ်ကျော် လိမ်လည်မှုအဖွဲ့အစည်းတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲနဲ့ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
“ကျွန်မရဲ့ Scam Center Strike Force အဖွဲ့နဲ့ ထိုင်းဘက်က မိတ်ဖက်အဖွဲ့တွေဟာ ဒီရာဇဝတ်ဂိုဏ်းကွန်ရက်တွေကို ဖြိုခွင်းပြီး ပြည်သူတွေကို ကာကွယ်နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်” လို့ ပီရိုးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ပီရိုးဟာ အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာ သန်းရာချီ အဓိကပစ်မှတ်ထား လိမ်လည်နေတဲ့အရှေ့တောင်အာရှအခြေစိုက် ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ဆိုပြီး ဒီလုပ်ငန်းအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီအဖွဲ့မှာ ပူးပေါင်းပါ၀င်တဲ့အနေနဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့(FBI) ဟာ သူ့ရဲ့အေးဂျင့်တွေကို ဘန်ကောက်မြို့ကို စေလွှတ်ပြီး ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကျားဖြန့်နှိမ်နင်းရေး ပြုလုပ်ထားပါတယ်။
ဒီအတောအတွင်းမှာပဲ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက မြန်မာမှာရှိတဲ့ ထိုက်ချန်း ငွေလိမ်စင်တာတွေနဲ့ ဆက်စပ်တဲ့ငွေကြေးတွေကို ပြန်လည်သိမ်းဆည်းရမိရေး FBI ကို သတင်းအချက်အလက်ပေးနိုင်သူတွေကို ဒေါ်လာ ၁၀ သန်း ဆုကြေးပေးအပ်မယ်လို့ ကြေညာချက် ထပ်ထုတ်ပါတယ်။
နေပြည်တော်နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်လိုက်ပါလာတဲ့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်တယ်လို့ ချင်းပြည်နယ်မြောက်ပိုင်းကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ PDF Zoland က သတင်းထုတ်ပါတယ်။
ဒု၀န်ကြီးနဲ့အဖွဲ့ တီးတိန်အ၀င်မှာ မနေ့က တိုက်ခိုက်ခံရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောပြီး တပ်ဖွဲ့၀င်တစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ဒု၀န်ကြီးတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း သူက ဆက်ပြောပြပါတယ်။
PDF Zoland က ထုတ်ပြန်လာတဲ့ရုပ်သံဖိုင်အရ မိုင်းဆွဲခံရအပြီးမှာ ယာဥ်တန်းရဲ့ရှေ့ကသွားတဲ့ ပွိုင့်ကားနဲ့ အိမ်စီးကားတစ်စီးက ဆက်မောင်းသွားကြပေမဲ့ နောက်မှာလိုက်လာတဲ့ကားတွေက လမ်းဘေးမှာ ထိုးရပ်သွားတာ တွေ့ရပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့သတင်းတွေအရ ဒုဝန်ကြီးဟာ ချင်းပြည်နယ်၊ ဖလမ်းကို နိုဝင်ဘာ ၉ ရက်ကတည်းကရောက်နေပြီး ၁၄ ရက်အထိ ဖလမ်းမှာ ရှိနေခဲ့တာတွေ့ရပါတယ်။
၁၆ ရက်မှာတော့ ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် တီးတိန်မြို့မှာရှိနေတာကို ဌာနထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
PDF Zoland ကတော့ ယာဥ်တန်းထဲမှာ ကား ၈ စီးနဲ့ ဒုဝန်ကြီးအပါအဝင် ၂၅ ဦးပါလာတယ်လို့ ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးစာရင်းကတော့ PDF Zoland ကနေ အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနှစ် မတ်လတုန်းကလည်း ၂၀ ရက်တုန်းကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့က လွှတ်တော်အဆောက်အဦမှာ အစည်းအဝေးကျင်းပနေချိန် CDF ဟားခါးက ဒရုန်းနဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်ဖွဲ့ထားတဲ့နေရာ၊ ကားတွေနဲ့ လွှတ်တော်မှာတပ်ထားတဲ့ Jammer ဖျက်ဆီးခဲ့တယ်လို့ CDF ဟားခါးဘက်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် စတင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဗလာဒီမီယာ ပူတင်ဟာ ရုရှားရဲ့ အချမ်းသာဆုံးစီးပွားရေးသမားတွေကို ကလင်မလင်နန်းတော်ထဲက Yekaterininsky ခန်းမကျယ်ကြီးကို ခေါ်ယူခဲ့ပါတယ်။
သူတို့ထဲက ၃၆ ဦးကျော်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် မျက်နှာဖုံး နှာခေါင်းစည်း တပ်ထားကြပြီး ခန်းမနံရံတလျှောက် စုဝေးထိုင်နေခဲ့ကြပါတယ်။
"မျက်နှာဖျော့ပြီး အိပ်ရေးပျက်နေကြသလိုပဲ" လို့ ရုရှားသတင်းစာက သတင်းထောက်တစ်ဦးက သူတို့ပုံစံကို ရေးပြပါတယ်။
ပူတင် ခန်းမထဲ ဝင်လာချိန်မှာ စီးပွားရေးသမားတွေထိုင်နေတဲ့နေရာနဲ့ အတော်ဝေးတဲ့ တစ်ဖက်ခြမ်းမှာ ထိုင်ချလိုက်ပြီး သူနဲ့ သူတို့ကြားမှာ ကျယ်ပြန့်တဲ့ အကွာအဝေးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။
ထုံးစံအတိုင်း သူ နှာခေါင်းစည်း မတပ်ထားပါဘူး။
သူ့ရဲ့အဓိပ္ပာယ်ဝှက်ပြောလေ့ရှိတဲ့ဘာသာစကားနဲ့ပဲ စစ်ပွဲကို အားပေးထောက်ခံဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။
လက်ရှိဖြစ်နေတဲ့အခြေအနေကို နားလည်ပေးကြဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်" လို့ သူက ပြောခဲ့ပြီး "ကုန်ထုတ်လုပ်ရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်တွေကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ အစိုးရနဲ့အတူ လက်တွဲဆောင်ရွက်ကြပါ" လို့လည်း ဆိုခဲ့ပါတယ်။
ဖိတ်ခေါ်ခံထားရတဲ့ဘီလျံနာ တစ်ဦးတစ်ယောက်မှ စကားမပြောခဲ့ကြပါဘူး။ ကရင်မလင်နန်းတော်က ထုတ်ပြန်တဲ့အဲဒီတွေ့ဆုံပွဲ ဗီဒီယိုထဲမှာ ဒါကို မြင်နိုင်ပါတယ်။
ရုရှား သူဌေးကြီးတွေရဲ့စိတ်ထဲ ဘာတွေရှိနေလဲ။ ဒီမှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
ဒီမနက်ပိုင်းတုန်းက မန္တလေးမြို့ ပညာရေးကောလိပ်(TTC) ကျောင်းဝင်းထဲမှာ ကျောင်းဆောင်ဟောင်းကို ဖြိုချရင်း အပျက်အစီး ပိမိလို့ လူ ၁ ဦး သေဆုံးတယ်လို့ မဏီစလ လူမှု/နာမှုကူညီရေးအသင်း-မန္တလေးတာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဖြိုချလိုက်တဲ့အပျက်အစီး ပိမိသူ လူ ၅ ဦးရှိခဲ့ပေမဲ့ အဲဒီထဲ တစ်ဦးဟာ အုတ်နံရံပိမိပြီး သေဆုံးခဲ့တာလို့လည်း သူက ပြောပါတယ်။
အသင်းကို မနက် ၁၀ နာရီဝန်းကျင်မှာ အရေးပေါ်ကယ်ဆယ်ရေးအကူအညီအတွက် ဖုန်းဆက်သွယ် လာတာလို့ဆိုပါတယ်။
“အဆောက်အဦက သစ်တိုင်မှာ အုတ်နံရံကပ်ထားတဲ့ နံကပ် အဆောက်အဦ ပေါ့။ ဒါကိုဖြိုနေရင်း အုတ်ပိတဲ့တစ်ဦး ဆုံးတယ်။ ကျန် လေးဦး ကတော့ ဒဏ်ရာမပြင်းထန်ပါဘူး” လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဟာ ကျောင်းဆောင်ဟောင်းကို ဖြိုချနေတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။
လူမှုကူညီအရေးအသင်းက တင်ထားတဲ့ဓာတ်ပုံအရ အဆောက်အဦးရဲ့ အုတ်နံရံ အချပ်လိုက်ပြိုကျနေပြီး အဲဒီအပေါ်မှာ သစ်သားထုပ်တန်းတွေ ပိကျနေတာကိုလည်း တွေ့ရပါတယ်။
အဆောက်အဦ ပိလို့ သေဆုံးသူရဲ့ရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီး ကိုပို့ဆောင်ထားတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါတယ်။
နိုင်ငံတဝန်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘကကျောင်း)တွေမှာ ပညာသင်ကြားပေးနေတဲ့ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးကို တိုးမြှင့်ပေးဖို့ မရှိဘူးလို့ သာသနာရေးဝ န်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က နိုဝင်ဘာ ၁၆ ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
လက်ရှိမှာ ဘကကျောင်းတွေမှာ မူလတန်းပြကနေ အထက်တန်းပြအထိ ဆရာ ဆရာမတွေရဲ့ထောက်ပံ့ကြေးဟာ ကျပ် ၇၀,၅၀၀ က အမြင့်ဆုံးဖြစ်ပြီး လက်ရှိကုန်စျေးနှုန်းတွေအရ ဒီပမာဏဟာ ဆန်တစ်အိတ်စာတောင် မရှိတဲ့ငွေကြေးပမာဏဖြစ်နေပါတယ်။
ဘကကျောင်းတွေ ရေရှည်တည်တံ့ဖို့နဲ့ သင်ကြားရေး စွမ်းရည်မြင့်လာအောင် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေနည်းတူ ဘကကျောင်းဆရာ၊ ဆရာမတွေကိုလည်း ထောက်ပံ့ကြေးတိုး ပေးဖို့ ရှိ မရှိ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်က မေးခဲ့တာပါ။
ထောက်ပံ့ကြေး နည်းပါးတာကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ်ကနေ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဘကကျောင်းပေါင်း ၂၀၀ ကျော် ပိတ်လိုက်ရတဲ့အချက်ကိုလည်း လွှတ်တော်အမတ်က မေးခွန်းထဲမှာ ထောက်ပြပါတယ်။
သာသနာရေးဒုဝန်ကြီးကတော့ ၁၉၉၃ ခုနှစ်မှာ ဘကကျောင်းတွေကို စဖွင့်ချိန်တုန်းက ဆရာတွေဟာ စေတနာ့ဝန်ထမ်းသာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကစပြီး သာသနာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့အချက်ကို သူ့ရှင်းပြချက်ထဲ ထည့်ပြောပါတယ်။
အဲဒီနောက်ပိုင်း ၂၀၂၁ ခုနှစ်အထိ သုံးကြိမ် တိုးမြှင့်ပေးထားပြီးဖြစ်တဲ့အပြင် သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ဆရာတော်တွေနဲ့ သီလရှင်တွေကလည်း ဆရာ ဆရာမတွေကို ထပ်ဆောင်းထောက်ပံ့ပေးနေလို့ လစဥ်ထောက်ပံ့ကြေး တိုးပေးဖို့ မရှိသေးဘူးလို့ ဒုဝန်ကြီးက ဖြေခဲ့တာပါ။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ဘကကျောင်းဆရာ ဆရာမတွေအတွက် ထောက်ပံ့ငွေကျပ် ၅,၀၆၇ သန်းခွင့်ပြုချက်ရထားပြီး နိုဝင်ဘာလအထိ ငွေကျပ် ၃,၂၉၂ ဒသမ ၄၅၈ သန်းထောက်ပံ့ပေးခဲ့ပြီလို့ ဒုဝန်ကြီး ပြောပါတယ်။
ဘကကျောင်းဆရာ၊ ဆရာမတွေကို သာသနာရေးဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်မှာ မူလတန်းပြ ၃၆,၀၀၀ ကျပ်၊ မူလွန် ၄၁,၀၀၀ ကျပ်၊ အလယ်တန်းပြ ၄၁,၀၀၀ ကျပ်နဲ့ အထက်တန်းပြ ၄၅,၀၀၀ ကျပ် ထောက်ပံ့ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ၂,၀၀၀ ကျပ်စီ ထပ်မံတိုးပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှာ မူလတန်းပြကို ၅၇,၀၀၀ကျပ်၊ မူလွန် ၆၄,၅၀၀ ကျပ်၊ အလယ်တန်းပြ ၆၄,၅၀၀ကျပ်နဲ့ အထက်တန်းပြ ၇၀,၅၀၀ ကျပ် တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို မှီခိုနေရတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ သိန်းကျော်ရှိနေဆဲဖြစ်တာကို ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ရဲ့အချက်အလက်အရသိရပါတယ်။
ပြည်ပထွက်ခွာမယ့် ကျွမ်းကျင်လုပ်သားတွေဟာ ပြည်ပမှာအလုပ်ရကြောင်းအတည်ပြုဖို့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာသံရုံးက ကုမ္ပဏီနဲ့ လုပ်ငန်းတွေဘက်ကို ဆက်သွယ်လို့ မရရင် ပြည်ပထွက်ခွာမယ့်လုပ်သားတွေ နိုင်ငံထဲကနေ ထွက်ခွင့်မရဘဲ အခက်အခဲဖြစ်နေပါတယ်။
အလုပ်ရှင်ဆက်သွယ်လို့ မရတဲ့ ထိုင်း၊ ဂျပန်နဲ့ UAE နိုင်ငံကို ထွက်ခွာမယ့် ကျွမ်းကျင်လုပ်သားတွေရဲ့စာရင်းကို ဒီလထဲမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီ ဂရမ်ချန်နယ်က ထုတ်ပြန်လာတာပါ။
ကိုယ့်အစီအစဥ်နဲ့ကိုယ် အလုပ်လျှောက်ပြီး ကျွမ်းကျင်လုပ်သားအဖြစ် နိုင်ငံခြားထွက်မယ့် မြန်မာနိုင်ငံသားတွေ ပြည်ပလုပ်သားသက်သေခံလက်မှတ်(OWIC) ကတ်နဲ့ လမ်းညွှန်သင်တန်းအတွက် လျှောက်ထားချိန်မှာ အလုပ်ရှင်ရဲ့ emailနဲ့ ဖုန်းတွေကို တင်ပြရတာပါ။
ဒီလိပ်စာတွေအတိုင်း သက်ဆိုင်ရာမြန်မာသံရုံးက ဆက်သွယ်ပြီး မရခဲ့ရင် ပြန်လည်တင်ပြဖို့ ကြေညာချက်ထုတ်လာတာပါ။
နိုဝင်ဘာလထဲမှာ အလုပ်ရှင်ဆက်သွယ်မရတဲ့ ကျွမ်းကျင်လုပ်သား ၁၀ ဦးနဲ့ အလုပ်ရှင်email၊ ဖုန်းနံ ပါတ်မပါလို့ ပြန်တင်ပြဖို့ ကြေညာခံရတဲ့ကျွမ်းကျင်လုပ်သား ၃ ဦးရှိပါတယ်။
အလုပ်သမားဝန်ကြီးဌာနဟာ ခွင့်ပြန်အလုပ်သမားတွေကိုလည်း OWIC နဲ့ ပြည်ပထွက်ခွင့်လျှောက်ရာမှာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲပို့ငွေနဲ့ ဝင်ငွေခွန်ဆောင်ထားတဲ့အကြောင်း အထောက်အထားတွေ တင်ပြဖို့ သတ်မှတ်ထားပါတယ်။
ဒါကြောင့် ရှေ့လတွေတုန်းကလည်း အလုပ်သမား ၃၀၀ ထက်မနည်း ပြည်ပပြန်ထွက်ဖို့ အခက်အခဲကြုံခဲ့ရပါသေးတယ်။
ပြည်ပကို လိမ်လည်ထွက်ခွာသူတွေ ရှိတာကြောင့် ပြည်ပထွက်ခွာခွင့် တင်ပြလျှောက်ထားပြီးမှ ထွက်ခွင့်ပေးရတာဖြစ်တယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးဌာနက ဘီဘီစီကို အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ အာရှခရီးစဉ်အဖြစ် ဝါရှင်တန်မြို့တော်ကနေ အမေရိကန်ဒေသစံတော်ချိန် နိုဝင်ဘာ ၁၆ ရက်မှာ စတင်ထွက်ခွာလာပြီဖြစ်ပါတယ်။
ပထမဆုံး အနေနဲ့ ဖိလစ်ပိုင် စံတော်ချိန် နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲ မှာ မနီလာမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။
ထရမ့်ဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာအပြင် တရုတ်နိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ နျူကလီးယားလက်နက်ဆိုင်ရာ ကိစ္စတွေဟာ ဒီအာရှဆွေးနွေးပွဲတွေရဲ့ အဓိကအကြောင်းအရာတွေ ဖြစ်လာနိုင်ပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့ တွေ့ဆုံဖြစ်နိုင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ထရမ့်ကတော့ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ယူကရိန်းစစ်ပွဲအကြောင်းကိုလည်း ဆွေးနွေးမယ်လို့ ပြောထားပါတယ်။
“ကျွန်တော် အကြိုက်ဆုံးအကြောင်းအရာဖြစ်တဲ့ ယူကရိန်းအကြောင်း ဆွေးနွေးကြမှာပါ။ ယူကရိန်းကတော့ ယူကရိန်းကို ဆုံးရှုံးနေပါတယ်။ ရုရှားကလည်း တစ်လကို စစ်သား ၂၅,၀၀၀ ဆုံးရှုံးနေပါတယ်။ အဲဒီအကြောင်း ဆွေးနွေးကြမှာပါ” လို့ အာရှခရီးစဉ်မထွက်ခွာခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်က ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတွေကတော့ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အီရန်စစ်ပွဲအရေးကို ဆွေးနွေးဖို့ရှိပြီး ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ အစောပိုင်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ နောက်ဆုံးပြောဆိုချက်အရ ယူကရိန်းစစ်ပွဲလည်း ဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ပါတယ်။
ဒီလို အမေရိကန်၊ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ တွေ့ဆုံမယ့်အစီအစဉ်အပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စိုးရိမ်ကြောင်း ပြောထားပါတယ်။ အဲဒီတွေ့ဆုံမှုကနေ ကမ္ဘာ့သြဇာလွှမ်းမိုးမှုနယ်ပယ်တွေကို ခေါင်းဆောင်တွေကြား ပြန်လည်ခွဲဝေသတ်မှတ်ဖို့ ဖြစ်လာနိုင်တယ်လို့ သူက စိုးရိမ်တာပါ။
အဲဒီအခြေအနေကို ၁၉၄၅ ခုနှစ်က အမေရိကန်၊ ဗြိတိန်နဲ့ ဆိုဗီယက်ယူနီယံခေါင်းဆောင်တွေ တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်အပြီး ဥရောပအရေး ဆွေးနွေးခဲ့တဲ့ ယာလ်တာညီလာခံနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“သြဇာလွှမ်းမိုးမှုတွေကို ပြန်လည်ခွဲဝေသတ်မှတ်တဲ့ ‘ယာလ်တာ ၂၊ ၃၊ ၄’ ပုံစံမျိုး ဖြစ်လာတာကို ကျွန်တော်တို့ တကယ်မလိုလားပါဘူး” လို့ ဇယ်လန်းစကီးက ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။
ထရမ့်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အဲဒီတွေ့ဆုံမှုမှာ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ နည်းပညာနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးဖို့ရှိပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးကိစ္စတွေလည်း ဆွေးနွေးပွဲမှာ အရေးပါတဲ့အကြောင်းအရာတွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်နဲ့ အာဆီယံကြား ဆွေးနွေးမှုရလဒ်တွေကို ပူးတွဲစာတမ်းတစ်စောင်နဲ့ ထုတ်ပြန်ဖို့လည်း ရှိပါတယ်။
ထရမ့်ဟာ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အဓိကအစည်းအဝေးတွေ ပြီးဆုံးပြီးနောက် မနီလာကို ရောက်ရှိမှာဖြစ်ပြီး အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးကို တက်ရောက်မှာပါ။
ဒီခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရကွန်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက် (ART) ဆိုင်ရာ ဆွေးနွေးမှုတွေမှာ တိုးတက်မှုရရှိထားကြောင်း ပူးတွဲကြေညာချက်ကို နိုဝင်ဘာ ၁၇ ရက်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။
အမေရိကန်နဲ့ ထိုင်းတို့ကြား ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုအပေါ် သက်ရောက်မှုရှိနိုင်တဲ့အတွက် ဒီတွေ့ဆုံမှုကို စောင့်ကြည့်နေကြပါတယ်။
ထရမ့်ရဲ့ Air Force One လေယာဉ်ဟာ အလာစကာပြည်နယ် အန်ကာရေ့ချ်မြို့မှာ ဆီဖြည့်ဖို့ စီစဉ်ထားပေမဲ့ ရာသီဥတုအခြေအနေကြောင့် ဖဲယားဘန့်ခ်စ်မြို့ကို ပြောင်းလဲဆင်းသက်ခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ရာသီဥတုပိုကောင်းတဲ့နေရာမှာ ဆီဖြည့်နိုင်ဖို့ လမ်းကြောင်းပြောင်းခဲ့တာလို့ ရှင်းပြထားပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကိုခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ မနီလာမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတကာမီဒီယာစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဂူတာရက်စ်က အဲဒီလိုပြောကြားခဲ့တာပါ။
“နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့ရဲ့ တောင်းဆိုချက်တွေကို ကျွန်တော် ထပ်လောင်းပြောကြားလိုပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူခဲ့တဲ့ရာထူးအအပြည့်အစုံကိုထည့်ပြီး မစ္စတာဂူတာရက်စ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အဆင့်ကို ရောက်ရှိနေပြီလို့လည်း ဂူတာရက်စ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်နေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ လူပေါင်း ၁၆ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ၄ သန်းကျော်ဟာလည်း နေရပ်စွန့်ခွာနေရတယ်လို့ ဆိုပါတယ်။
“အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ အဆုံးသတ်ရမယ်။ နယ်မြေထိန်းချုပ်မှု ဘယ်သူ့လက်ထဲမှာရှိတယ်ဆိုတာကို မခွဲခြားဘဲ အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ချက်ချင်းနဲ့ ခြွင်းချက်မရှိ ရောက်ရှိစေရမယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းတာကို ကုလသမဂ္ဂက ဆန့်ကျင်တာမဟုတ်ပေမဲ့ အဲဒီလို ထိတွေ့ဆက်ဆံမှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံတာ၊ အလျှော့ပေးတာမျိုး မဖြစ်သင့်ဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။
“ထိတွေ့ဆက်ဆံမှုဟာ အလျှော့ပေးခြင်း မဟုတ်ပါဘူး” လို့ ဂူတာရက်စ်က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရေးနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ပေါ်ပေါက်လာရေးကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ အာဆီယံအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ညှိနှိုင်းပြီး အကြမ်းဖက်မှုအဆုံးသတ်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ့် အခြေအနေဖန်တီးရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးတို့ကို ဆောင်ရွက်သွားမယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၅ ရက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဆင့်လိုက်၊ တိုးတက်မှုအပေါ် မူတည်တဲ့ ထိတွေ့ဆက်ဆံရေးနည်းလမ်းကို လက်ခံခဲ့ကြပါတယ်။
အဲဒီနည်းလမ်းအရ နေပြည်တော်ဘက်က ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိကျခိုင်မာတဲ့ တိုးတက်မှုရှိမရှိကို စောင့်ကြည့်သွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရိုက ပြောထားပါတယ်။
အာဆီယံရဲ့ အဲဒီချဉ်းကပ်မှုဟာ မြန်မာ့အရေးမှာ တိုးတက်မှုရရှိဖို့ ရည်ရွယ်တာဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူတွေ နေရပ်စွန့်ခွာနေရဆဲဖြစ်ကြောင်းလည်း လာဇာရိုက ထောက်ပြထားပါတယ်။
ဂူတာရက်စ်ဟာ ဒီနှစ်ကုန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကနေ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မနီလာမှာ ကျင်းပတဲ့ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးဟာ သူ့အတွက် နောက်ဆုံးအကြိမ် အစည်းအဝေးဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဗြိတိန်သရုပ်ဆောင် ရောဘတ် ပက်တင်ဆန် ကို ဂျိမ်းစ်ဘွန်း (James Bond) ဇာတ်ကောင်သစ်အဖြစ် ရွေးချယ်လိုက်ပါပြီ။
007 ရုပ်ရှင်စီးရီးမှာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဒန်နီရယ် ခရိတ်ဂ်ရဲ့ နေရာမှာ အစားထိုးမယ့်သူကို အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ပြီးနောက် ဒီဇာတ်ကားတွေကို ထုတ်လုပ်မယ့် အမေဇုံကုမ္ပဏီက မင်းသားသစ်ကို ကြေညာလိုက်တာပါ။
အသက် ၄၀ အရွယ် ပက်တင်ဆန်က 007 ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခွင့်ရတာဟာ ဘဝတစ်လျှောက် အကြီးမားဆုံးဂုဏ်ယူစရာဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ တရားဝင်ဂျိမ်းစ်ဘွန်းရုပ်ရှင်စီးရီးမှာ အဲဒီဇာတ်ကောင်ကို သရုပ်ဆောင်မယ့် သတ္တမမြောက်မင်းသား ဖြစ်လာမှာပါ။
ရောဘတ် ပက်တင်ဆန်ဟာ ၂၀၀၈ ခုနှစ်က Twilight ရုပ်ရှင်စီးရီးမှာ သွေးစုပ်ဖုတ်ကောင် Edward Cullen အဖြစ် သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာကျော်လာသူဖြစ်ပါတယ်။ အဲဒီနောက် The Batman ရုပ်ရှင်မှာလည်း Batman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်အတွက် ဇာတ်ညွှန်းကို Peaky Blinders ဇာတ်လမ်းတွဲဖန်တီးသူ စတီဗင်နိုက် က ရေးသားနေပြီး Dune ရုပ်ရှင်ဒါရိုက်တာ ဒင်းနစ် ဗီလ်နျူးဗ် က ရိုက်ကူးမှာဖြစ်ပါတယ်။
ဂျိမ်းစ်ဘွန်းအဖြစ် အရင်သရုပ်ဆောင်ခဲ့တဲ့ ဒန်နီရယ် ခရိတ်ဂ် နေရာမှာ ဘယ်သူအစားထိုးမလဲဆိုတဲ့ ခန့်မှန်းမှုတွေ အများအပြားထွက်ပေါ်ခဲ့ပြီး ဂျော့ရှ် အိုကော်နကယ်လမ် တာနာနဲ့ ဂျက် လိုဒန်တို့လည်း နောက်ဆုံးအဆင့် လူရွေးပွဲအထိ ပါဝင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါရိုက်တာ ဗီလ်နျူးဗ်က လူရွေးပွဲဝင်ခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပက်တင်ဆန်ဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်အတွက် လုံးဝအသစ်ဖြစ်တဲ့ ဟန်ပန်နဲ့ စရိုက်လက္ခဏာကို ယူဆောင်လာနိုင်သူဖြစ်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက မြို့နယ်သုံးခုမှာ သေနတ်ပြခြိမ်းခြောက်လုယက်မှုတွေနဲ့ သေနတ်နဲ့ပစ်ခတ်လုယက်လို့ အမျိုးသားသုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေအတွက် ကျူးလွန်သူ အမျိုးသားကိုဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အပြောအရ ကျူးလွန်သူဟာ အသက် ၂၇ နှစ်အရွယ် နေလင်းအောင် ဆိုသူဖြစ်ပြီး သူ့ကို နိုဝင်ဘာ ၁၆ ရက် မနက် ၁၁ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာအရှေ့ဘက် သရက်ခြံတောအတွင်းက လျှိုတစ်ခုမှာ ပစ္စတိုသေနတ်တစ်လက်၊ ကျည်တစ်တောင့်နဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သူဟာ အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၅ ရက်အတွင်း ချမ်းမြသာစည်၊ ချမ်းအေးသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ သေနတ်ပြလုယက်မှုနဲ့ လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာ ချမ်းမြသာစည်မြို့နယ်ရှိ “ရှိုင်း” Baby Store ဆိုင်ကို သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ်ငါးသိန်း လုယက်ခဲ့သလို နိုဝင်ဘာ ၄ ရက်မှာ ချမ်းအေးသာစံမြို့နယ်ရှိ Lwin Mobile Phone ဆိုင်က ဖုန်းငါးလုံးကို သေနတ်ပြလုယက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက်မှာတော့ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ “ထာဝရ” ဖုန်းဆိုင်ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ကိုအောင်မျိုးသန့်ကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် ကိုအောင်မျိုးသန့်ရဲ့ ဦးလေးဖြစ်သူ ၂ ဦးက Toyota Crown ကားနဲ့ သံသယရှိသူနောက်ကို လိုက်ခဲ့ရာ လိန်ပင်ကျေးရွာအတွင်းမှာ သေနတ်နဲ့ ထပ်မံပစ်ခတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျူးလွန်သူက ကားနဲ့လိုက်သူတွေရဲ့ ကားရှေ့ခန်းအတွင်း လက်ပစ်ဗုံးတစ်လုံးပါ ပစ်ထည့်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့ပေမယ့် အဲဒီအမျိုးသားနှစ်ဦးဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ကျူးလွန်သူဟာ လိန်ပင်ကျေးရွာက အမျိုးသမီးတစ်ဦးရဲ့ DAYANG ဆိုင်ကယ်တစ်စီးကို သေနတ်ပြခြိမ်းခြောက်လုယူခဲ့သလို ရန်ကင်းတောင်ကျေးရွာရှိ “အထင်ကရ” ကုန်စုံဆိုင်က ငွေကျပ်သိန်း ၄၀ ကိုလည်း လုယက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုခြောက်မှုဖွင့်ထားကာ စုံစမ်းစစ်ဆေးမှုတွေအရ ဖြစ်စဉ်အားလုံးကို နေလင်းအောင်တစ်ဦးတည်းက ကျူးလွန်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အပြောအရ ကျူးလွန်သူအသုံးပြုခဲ့တဲ့ ဆိုင်ကယ်ကို နိုဝင်ဘာ ၅ ရက်က အခင်းဖြစ်နေရာအနီးမှာ တွေ့ရှိခဲ့ပြီး ဆိုင်ကယ်တူးဘောက်အတွင်းက ဦးကျော်ဆန်းအမည်ပါ ယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဦးကျော်ဆန်းရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရာမှာ ပစ္စတိုသေနတ်အိတ်၊ စကားပြောစက်သုံးလုံးနဲ့ ပြောက်ကျားအင်္ကျီတွေကို ထပ်မံတွေ့ရှိခဲ့ပြီး သူ့ရဲ့သားဖြစ်သူ နေလင်းအောင်ကို ပြစ်မှုကျူးလွန်သူအဖြစ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါအပြင် အလားတူပြစ်မှုတွေ ထပ်မံကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မင်္ဂလာပါ။
နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။